Breaking News - Vol2 No.94
ရုပ်ရှင်သရုပ်ဆောင် ဖြစ်စေ၊ ဗီဒီယို သရုပ်ဆောင် ဖြစ်စေ၊ ဒါရိုက်တာ ဖြစ်စေ၊ ဝတ္ထုရေးဆရာ ဖြစ်စေ၊ သီချင်းရေးဆရာ ဖြစ်စေ၊ အဆိုတော်ဖြစ်စေ၊ ပန်းချီဆရာဖြစ်စေ၊ ပန်းပုဆရာဖြစ်စေ ရုတ်တရက် ကွယ်လွန်သွားကြပြီ ဆိုလျှင် မပြီးဆုံးသေးသော ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကား ရိုက်လက်စများ ကျန်ရှိ နေတတ်သလို ဝတ္ထုရေးဆရာ ကလည်း လက်စမသတ်ရသေးသော ဝတ္ထုရေးလက်စ တန်းလန်း ကျန်ရှိနေတတ်ပြီး သီချင်းရေးဆရာသည် လည်းကောင်း၊ အဆိုတော်သည် လည်းကောင်း၊ ပန်းချီဆရာသည် လည်းကောင်း၊ ပန်းပုဆရာသည် လည်းကောင်း လုပ်လက်စ တန်းလန်း အနုပညာကိစ္စများ ကျန်ရှိ နေတတ်ကြပါသည်။ ထိုသောအခါ အခြားသူက ဆက်လက် တာဝန်ယူ ဖန်တီးပေးရတာမျိုးလည်း ရှိခဲ့ဖူးပါသည်။
ဥပမာ- ဝင်းဦး၏ ခိုင်မာလာနှင်းဆီ ရုပ်ရှင်။ အလားတူ ရုပ်ရှင်သရုပ်ဆောင် ဒွေး ရုတ်တရက် ကွယ်လွန်သွားသော အခါတွင်လည်း အချို့သောရိုက်လက်စများ ရင်ဆိုင်ခဲ့ရပြီး အချို့က ဈာပန အခမ်းအနားကို ထည့်သွင်းပြသခဲ့ရသည့် သာဓကများလည်း ရှိခဲ့ပါသည်။ အဆိုတော်တစ်ချို့ ရုတ်တရက် ကွယ်လွန်သွား၍ ဆိုရန်သီချင်းများတန်းလန်း ကျန်ရှိသောအခါ အပုဒ်ရေလျှော့ချကာ အမှတ်တရ ထုတ်လုပ်ဖြန့်ချိ လိုက်ရသည့် သာဓကများလည်း ရှိခဲ့ဖူးပါသည်။ ကိုယ်လုပ်သည့် အလုပ်ကို ပြီးဆုံးအောင် လက်စသတ် သွားသည့် အနုပညာရှင်ဟူ၍ အတော်ရှားမည်ဟု ထင်ပါသည်။ ထိုသို့ရှားပါးသည့် အနုပညာရှင်များထဲတွင် ပန်းချီမောင်ငြိမ်းချမ်း (စိုင်းဗေဒါ)သည် သူ၏ ရုပ်ပြဖြစ်သော သွေးတောင်းသော တာဝန် ရုပ်ပြဇာတ်သိမ်း စတုတ္ထပိုင်းကို ၂၈၊ ၆၊ ၂ဝ၁ဝတွင် သေသပ်စွာ လက်စသတ် ထားခဲ့သည်။ သည့်နောက် ၂၉၊ ဇွန်၊၂ဝ၁ဝတွင် တိုက်ဆိုင်စွာ ဆရာပန်းချီမောင်ငြိမ်းချမ်းသည် ရုတ်တရက် ကွယ်လွန်သွားခဲ့ချေသည်။
ဆရာ ပန်းချီမောင်ငြိမ်းချမ်း ရေးခဲ့သည့် ဇာတ်သိမ်းမှာ-
''စိုင်းကား အသက်ကုန်နေတာတောင် လဲကျမသွားစေရန် မှန်တံခါးကို ကျောကပ်ကာ ဓားကို ထောင်၍ ရပ်နေဆဲ...။ သူ့သွေးက တောင်းဆိုခဲ့သော တာဝန် သူကျေပြွန်ခဲ့လေပြီ။ စိုင်း....စိုင်းရယ်'' ဟူ၍ဖြစ်ချေသည်။
ဆရာ ပန်းချီမောင်ငြိမ်းချမ်းသည်လည်း သူဖန်တီးခဲ့သော ဇာတ်ကောင် စိုင်းကဲ့သို့ပင် သူ့တာဝန်သူ ကျေပြွန်ခဲ့ချေသည်။
| Next > |
|---|