Friday, September 10, 2010
   
Text Size

Site Search powered by Ajax

လျှပ်တစ်ပြက် လာအို ယဉ်ကျေးမှုနှင့် နှစ်သစ်ကူး သင်္ကြန်ပွဲတော် ချမ်းငြိမ်းအောင် ယခင်အပတ်မှအဆက်

Breaking News - Vol2 No.94

User Rating: / 0
PoorBest 
ရေဆိပ် အဆင်းတွင်လည်း ၊မြေပဲပြုတ်၊ မြေစာဥပြုတ်၊ နာနတ်သီး၊ ဖရဲသီးများကို ရောင်းချသော ခေါင်းရွက် ဗျပ်ထိုး ဈေးသည်များနှင့် ဈေးဆိုင်ငယ်များကို တွေ့ရသည်။ စက်လှေများမှာ၊ ဘောက်တူပုံစံ လှေကြီးနှစ်စီးကို တွဲယှဉ်လျက်၊ ရိုးရာပုံစံ အမိုးများဖြင့် တပ်ဆင် တည်ဆောက်ထားပြီး၊ နောက်ပိုင်းတွင် စက်တပ်ဆင်ထားသည်။ စက်လှေမောင်းခန်းနှင့် ရှေ့ပိုင်း ဧည့်ခန်းကျယ်ကြီးကို ဝါးထရံဖြင့် ပိုင်းခြား ကာရံထားသည်။ ရှေ့ပိုင်း ဧည့်ခန်းကျယ်၏ ဘေးပတ်လည်တွင် သစ်သား လက်ရန်းများ၌ ပန်းအလှအိုးများ ချိတ်ဆွဲပြင်ဆင် ထားကြသည်။ ကမ္ဘာလှည့်ခရီးသည် အတော်များများကိုလည်း စက်လှေများဖြင့် မြစ်ဆိပ် နှင့် မြစ်အတွင်း၌ လည်ပတ်ကြည့်ရှုနေကြသည်ကို တွေ့ရှိခဲ့သည်။ ယင်း Tha Ngorn မြစ်၏၊ မြစ် ညာပိုင်းတွင်ရေအားလျှပ်စစ်ထုတ်ယူနိုင်သောဆည်၊ တမံများတည်ဆောက်ထားကြောင်း သိရှိရသည်။ ဧပြီလ(၁၂)ရက်နေ့ နံနက်ပိုင်းတွင် လာအိုပြည် သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ပြန်ကြားရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးအား ဝန်ကြီးရုံးဧည့်ခန်း တွင် သွားရောက်ဂါရဝပြုတွေ့ဆုံ ခဲ့ရသည်။ Courtesy Called အပြီးတွင်၊ ယဉ်ကျေးမှုအမွေအနှစ်များဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ် မစ္စတာထောင်ဆာခေါင်းဆောင်သောအဖွဲ့နှင့်အစည်းအဝေးခန်းမတွင် တွေ့ဆုံပြီး နှစ်နိုင်ငံယဉ်ကျေးမှုပူးပေါင်းဖလှယ်ရေးကိစ္စရပ်များကို ရင်းနှီးပွင့် လင်းစွာ အလွတ်သဘောဆွေးနွေးခဲ့ကြပါသည်။ ယင်းသို့ဆွေးနွေးရာတွင် လာအိုနိုင်ငံဘက်မှ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး(Archaeology) ၊ညွှန်ကြားရေးမှူး(Antiquities)၊ ညွှန်ကြား ရေးမှူး (Museum) တို့လည်း ပါဝင်တက်ရောက်ခဲ့ကြသည်။ ယင်းဌာနမှာ လွန်ခဲ့သော(၂)နှစ်ကျော်အထိ အနုပညာဦးစီးဌာန Fine Arts Dept; အမည်ဖြင့် ရှိခဲ့ရာမှ ယဉ်ကျေးမှုအမွေအနှစ်များဦးစီးဌာနအဖြစ်အမည်ပြောင်း ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်းသိရှိခဲ့ရသည်။ ယင်းနေ့မွန်းလွဲပိုင်းတွင် အမျိုးသားပြတိုက်၊ ကေဆွန်းပြတိုက်နှင့် ဆူဖာနို ဗောင်ပြတိုက်များသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။ မွန်းလွဲ(၃)နာရီ တွင် ပြန်ကြားရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတွင် ကျင်းပသောနှစ်သစ်ကူး ပွဲတော်အခမ်းအနားသို့ တက်ရောက်ရသည်။ ပြန်ကြားရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏လာအိုရိုးရာသင်္ကြန်အကြိုနှစ် ကူးပွဲတော်မှာကုသိုလ်ကောင်းမှုအဖြစ် အဓိကဆောင်ရွက်သည်မှာ သံဃာတော် ငါးပါးကိုပင့်ဖိတ်၍ အန္တရာယ်ကင်းပရိတ်တော်များရွတ်ဖတ်သဇ္ဈယ်ခြင်း၊ လှူဖွယ် ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းပင်ဖြစ်သည်။ မြန်မာ့ရိုးရာသင်္ကြန်နှစ်ဆန်း တစ်ရက်နေ့တွင် ပြုလုပ်လေ့ရှိကြသော အန္တရာယ်ကင်းပရိတ်တရားတော် ရွတ် ဖတ်ပူဇော်ပွဲနှင့် သဘောလက္ခဏာတူညီသည်။ ရွတ်ဖတ်သော '' နမောတဿ '' အစချီဘုရားကန်တော့ခြင်း၊ ' ဣတိပိ၊သောဘဂဝါ ' အစချီသော ဘုရားဂုဏ် တော်၊တရားဂုဏ်တော်၊သံဃာ့ဂုဏ်တော်များနှင့် ပုဗ္ဗဏှသုတ်တော်ရွတ်ဖတ်ခြင်း တို့လည်း တူညီသည်။ အချို့ရွတ်ဖတ်မှုများမှာလာအိုဘာသာဖြစ်၍ နားမလည် နိုင်ပါ။ နားလည်သောဂုဏ်တော်နှင့် ပရိတ်တော်တို့ရွတ်ဖတ်ရာတွင် ပါဠိဘာ သာအသံထွက်နှင့်အဖြတ်၊အတောက်၊အရပ်၊အတန့်တို့မှာ အတော်အတန် ကွဲပြားကြောင်း သတိပြုမိသည်။ ပူဇော်ပွဲပြီးသောအခါဝန်ကြီးမှအစပြု၍ ပရိသတ်အား သံဃာတော်များက ငွေဖလားများထဲမှအတာရေကို သပြေခက် များဖြင့် ဖြန်းပက်ပေးသည်။ ထို့နောက် သံဃာတော်များမှအစပြု၍ ကန်တော့ပွဲ တွင် ထည့်ထားသောပရိတ်ချည်မျှင်ကြိုးဖြူများအား ဝန်ကြီး၊ဒုတိယဝန်ကြီး များနှင့်ပရိသတ်များ၏လက်ကောက်ဝတ်တွင် လိုက်လံချည်နှောင်ပေးကြသည်။ သူတို့အခေါ် 'ဘက်ဆီး 'ခေါ်သည်။(အသံထွက်မှားလျှင် မှားပါလိမ့်မည်) တစ်နှစ် တာလုံး ဘေးအန္တရာယ်ကင်း၍ စီးပွားလဘ်လာဘဖွံ့ဖြိုးတိုးတက်မည်။ လက်တွင် (၃)ရက်ချည်နှောင်ထားပြီး၊ စွန့်ပစ်နိုင်သည်ဟုဆိုသည်။ ဝန်ကြီးနှင့်ဒုတိယ ဝန်ကြီးများ၊ဌာန အကြီးအကဲများနှင့်ပရိတ်သတ်အချင်းချင်းလည်း အပြန်အလှန် ရေဖြန်းပက်ကြသည်။ အပြန် အလှန် ပရိတ်ချည်မျှင်များ ချည် နှောင်ပေးကြသည်။ ထို့နောက်တွင်ကား၊ ဝန်ကြီး ရုံးအဆောက်အအုံများ အလယ်ရှိ ကွက်လပ်ကြီးတွင် ခင်းကျင်း ပြင် ဆင်ထားသော စားပွဲဝိုင်းများတွင် နေရာယူကာ စားသောက်ဖွယ်ရာ များဖြင့် ဧည့်ခံသည်။ စားဖွယ်များ ဖြင့် တွဲဖက်လျက်သောက်သုံးရန် လာအိုရိုးရာအရက်၊ လာအိုဘီယာ၊ ဝိုင်အဖြူအနီ၊အချိုရည်များ အလျံ ပယ်တိုက်သည်။ ဤတွင်မှ စော စောပိုင်းက ပရိတ်မရွတ်မီ ငါးပါး သီလခံယူမှု မပါဝင်ခြင်းကိုသဘော ပေါက်မိသည်။မိမိတို့အား ဧည့်သည် တော်များအနေနှင့်၊ဝန်ကြီး၊ ဒုတိယ ဝန်ကြီးများနှင့်တစ်ဝိုင်းတည်းနေရာပေး ကြသည်။ စားပွဲဝိုင်းတွင် ထိုင်ပြီးနောက် အချိုရည်ခွက်ကောက်ကိုင်ထားရာ ဝိုင် (သို့မဟုတ်)ဘီယာသောက်ရန် မေတ္တာ ရပ်ခံကြသည်။ လာအိုဘီယာနှစ်ဘူး လောက်သောက်ပြီးသောအခါ၊ လာအိုရိုး ရာအရက်ကို ဖန်ခွက်ငယ်လေးများတွင် ထည့်ကာ၊ ရေမရောဘဲ ခွက်မှောက် သောက်ကြရသည်။ သုံးလေးကြိမ် လောက် '' ကမ်ပေ့ '' ပြီးသောအခါ၊ အရှိန်အတော်တက်လာသဖြင့် အစား အသောက်တွေကိုချည်း များများဝင်အောင် စားလိုက်ရသည်။ လာအိုဘီယာမှာ မြန်မာဘီယာကဲ့သို့ပင် အဝင်ကောင်းလှသည်။ လာအိုအရက်မှာမူ တံဆိပ်မပါ ဘာမပါဘဲ၊ ပုလင်းလတ်လေးများဖြင့် တစ်ပုလင်းပြီးတစ်ပုလင်းပင်၊ မြစ်ကြီး နားမှကချင်အရက်ကဲ့သို့ အဝင်ပြင်းလှသည်။ တစ်ချိန်တည်းတွင်ပင်၊ ဂစ်တာသုံးလက်၊အော်ဂင်တစ်လုံးဖြင့် တီးဝိုင်း ဆင်ထားပြီး၊ဝန်ကြီးဌာနမှတေးသံရှင်များကသီချင်းများသီဆိုကြသည်။ ဒုတိယ ဝန်ကြီးနှစ်ပါးနှင့်ဝန်ကြီးကိုယ်တိုင်လည်း ပျော်ရွှင်စွာပါဝင်သီဆိုကြသည်။ တေးသီချင်းများမှာလာအိုဘာသာဖြင့် ဖြစ်သော်လည်း၊ သီချင်းအားလုံးမှာ လမုံးအက - က၍ရသောတေးသွားများ ဖြစ်သည်။ ရှေ့ပိုင်းကွက်လပ်ကျယ် ကြီးတွင် အတွဲလေးငါးဆယ်ခန့်ကကြသည်။ ဒုတိယတစ်ပုဒ်သီဆိုစဉ်တွင်ပင် ဝန်ကြီးကမိန်းမပျိုနှစ်ဦးအား လှမ်းခေါ်ပြီး မိမိတို့အားပါဝင်ကပြန်ရန် ဖိတ်ခေါ် စေသည်။ ရိုးရာယဉ်ကျေးမှုဓလေ့အရ မိန်းမပျိုတစ်ဦးက လက်အုပ်ချီခါးညွတ် ပြီး ဂါရဝပြုကာ လာရောက်ဖိတ်ခေါ်သည်။ မိမိနှင့်ဦးဝေလွင်လည်း ဝိုင်းအလယ်သို့ဝင်ရောက်ကာ ပါဝင်ဆင်နွှဲရသည်။ သီချင်းဆယ်ပုဒ်လောက် ပင် ဆယ်ကြိမ်လောက်လာရောက်လက်အုပ်ချီသည်။ နဲနဲသောက်လိုက်၊ နဲနဲ စားလိုက်၊ ဆယ်ခါလောက်သက်သက်သာသာဝင်ကလိုက်နှင့် အတော်အမူး ပြေသွားသည်။ ပွဲသိမ်းအဖြစ်ကံစမ်းမဲများကို ဖွင့်ဖေါက်ကြေညာပြီး၊ ဝန်ကြီးမှ အစပြု၍ ဌာနအကြီးအကဲများက ဆုချီးမြှင့်သည်။ ဆုမဲများနှင့်မဲပေါက်သူ တစ်လွဲ တစ်ချော်ဖြစ်မှုများလည်းပါဝင်ရာ ဧည့်ပရိသတ်များက ဝိုင်းဝန်း အော်ဟစ်နောက်ပြောင်ကြ၊အားရပါးရရယ်မောကြသဖြင့် ပျော်ရွှင်ဖွယ်ကောင်း လှသည်။ ညပိုင်းတွင် လာအိုယဉ်ကျေးမှုဒုတိယဝန်ကြီးက မိမိတို့အဖွဲ့အား Angkhan Hotel တွင် ညစာစားပွဲဖြင့် ဂုဏ်ပြု တည်ခင်း ဧည့်ခံခဲ့သည်။ နောက်တစ်နေ့၊ ဧပြီလ (၁၃) ရက်နေ့တွင် လွမ်ပ ရာဘန် ရှေးဟောင်းမြို့ တော်၊မြို့တော်ဝန်၏ဖိတ် ကြားချက်အရ လွမ်ပရာ ဘန်ရှေးဟောင်းမြို့တော် သို့ဆက်လက်သွားရောက် လည်ပတ်လေ့လာရမည် ဖြစ်သည်။ဗီယန်ကျင်း လေဆိပ်မှနံနက်(၉းဝဝ) နာရီတွင် ထွက်ခွာရမည် ဖြစ်သော်လည်း လွမ်ပရာ ဘမ်မှာတောင်ပတ်လည် ဝိုင်းနေသော တောင် စခန်းမြို့ဖြစ်သဖြင့် ရာသီ ဥတုအခြေအနေအရ တစ် နာရီနောက်ကျပြီး၊နံနက် (၁ဝး ဝဝ)နာရီမှ ထွက်ခွာ နိုင်ခဲ့ကြပြီး လွမ်ပရာဘမ် လေဆိပ်သို့နံနက်(၁၁းဝဝ) နာရီတွင် ရောက်ရှိခဲ့ကြ သည်။ ဗီယန်ကျင်းနှင့် လွမ် ပရာဘမ်သို့ နေ့စဉ်ပုံမှန် အားဖြင့် ATR လေယာဉ် များဖြင့် အသွားအပြန် (၈)ခေါက် ပြေးဆွဲပေး လျက်ရှိပြီး၊ ယခုကဲ့သို့ သောပွဲတော်အချိန်များ တွင် တစ်နေ့လျှင်အသွားအပြန်(၁၅)ခေါက် ပြေးဆွဲပေးလျက်ရှိကြောင်း သိရှိ ရသည်။ အားရမိသည်။ အားကျမိသည်။ လွမ်ပရာဘမ်လေဆိပ်တွင် ကြိုတင်ရောက်ရှိနေသော ဒုတိယညွှန်ကြား ရေးမှူးချုပ်မစ္စတာဗန်၊ပြည်ပဆက်ဆံရေးဌာနခွဲမှမစ္စတာအန်တွန်၊လွမ်ပရာဘန် ယဉ်ကျေးမှုအမွေအနှစ်များဌာနခွဲမှ မစ္စတာစန်းဝေတို့က ကြိုဆိုခဲ့ကြပြီး၊ Golden Bowl Hote သို့ပို့ဆောင်နေရာချထားပေးခဲ့ကြသည်။ လာအိုရှေးဟောင်းယဉ်ကျေးမှုမြို့တော် လွမ်ပရာဘမ်မှာ တောင်ကုန်း ပြင်မြင့်ပေါ်တွင်တည်ရှိသော တောင်စခန်းမြို့လေးဖြစ်ပြီး၊ နမ့်ဖယ်မြစ်နှင့် မဲခေါင်မြစ်တို့က မြို့ကိုဖြတ်သန်းစီးဆင်းလျက်ရှိသည်။ မြန်မာနိုင်ငံမှ တောင် လှေကားမြို့တော် ပြင်ဦးလွင်လောက်သာရှိမည်။ လေကြောင်းခရီးဖြင့်(၄၅) မိနစ်ခန့်သာရှိသော်လည်း၊ ကားလမ်းမိုင်အားဖြင့် ကီလိုမီတာ(၄ဝဝ)ခန့်ရှိသည်။ ရန်ကုန်နှင့် နေပြည်တော် အကွာအဝေးလောက်ပင်ရှိသည်။ တောင်တက်လမ်း ပိုင်း အပါအဝင်ဖြစ်၍ (၈)နာရီခန့်မောင်းနှင်ရသည်ဟု သိရသည်။ ယင်းနေ့ (၁၃.၄.၂ဝ၁ဝ) ရက်နေ့၊ မွန်းလွဲ (၂း ဝဝ)နာရီမှစတင်၍၊ Vat Vixoun marath, Vat xin Thong နှင့် Vat Mai ဘုရားနှင့်ကျောင်းများသို့ လှည့်လည် ရှင်းလင်းပြသပါသည်။ ထို့နောက် (၁၅ဝ) မီတာမြင့်သော တောင် ကုန်းပေါ်တွင်တည်ထားသည့် Phousi စေတီအား တက်ရောက်ဖူးမြော်ကြပါ သည်။တောင်ကုန်းမှာလှေခါးထစ်ပေါင်း(၃၂၄)ထစ်ရှိသည်။ လမ်းတစ်ဝက်ခန့် တွင် ''လှေကားထစ်(၁၅ဝ)၊ဆက်တက်ရန်လှေကားထစ်(၁၇၄)ထစ်''ဟု ဆိုင်း ဘုတ်ရေးသားစိုက်ထူထားသည်။လှေကားထစ်များကိုတက်လိုက်၊အကွေ့အချိုး လေးများကို ပြေပြေမော့မော့အုတ်လမ်းလေးများအတိုင်းတက်လိုက်၊ လှေကား ထစ်များကို တစ်ဖန်ပြန်တက်လိုက်ဖြင့် မောပန်းနွမ်းနယ်မှုမရှိဘဲ ရောက်မှန်း မသိ ရောက်ခဲ့ရသည်။
ရှေ့ပတ်ဆက်လက်ဖတ်ရူပါရန်