တင်မောင်ဆန်းမင်းဝင်းရဲ့ ပြီးမြောက်စေသား နှစ်ပါးည
တင်မောင်ဆန်းမင်းဝင်းရဲ့ ပြီးမြောက်စေသား နှစ်ပါးည ဗီစီဒီ ရိုက်ကူးခြင်းကို ရန်ကုန်၊ တောင်ဒဂုံမှာရှိတဲ့ ဂီတ အစည်းအရုံးရဲ့ မြနန္ဒာခန်းမမှာ ရိုက်ကူးခဲ့ကြောင်း သိရသည့်အတွက် ပါဝင် ကူညီကြသူများနှင့် သက်ဆိုင်သူများအား လျှပ်တစ်ပြက်မှ တွေ့ဆုံမေးမြန်းခဲ့ရာ . . .
တင်မောင်ဆန်းမင်းဝင်း
''ဒီနှစ်ပါးခွေ ဗီစီဒီ ရိုက်ကူးဖြစ်တာက ကျွန်တော်နဲ့၊ ဆရာဦးပေါ့သျှံနဲ့ တစ်ခါမှ မတွဲဖူးတော့ အတွဲထူးတယ်ပေါ့နော်။ အရင် ကျွန်တော် ရိုက်ခဲ့ဖူးတဲ့ နှစ်ပါးခွေတွေက ကျွန်တော်တို့ မျိုးရိုးစဉ်ဆက်ဖြစ်တဲ့ ရွှေမန်းသဘင် အတွက် သမိုင်းမှတ်တိုင် တစ်ခု တည်ဆောက်ခြင်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းက ကျွန်တော့် အဘိုးနဲ့ အဖေတို့၊ ဦးလေးတို့သီချင်းတွေနဲ့ ရှင်သန်ခဲ့ပါတယ်။ အခုအခွေကျတော့ ကျွန်တော့်အတွက် သီးသန့်ရေးထားတဲ့ သီချင်း တွေနဲ့ပေါင်းစပ်ပြီး ခေတ်နဲ့အညီတင်ဆက်ချင်တာကြောင့် စီစဉ်ဖြစ်တာပါ။ အခွေခေါင်းစဉ် ကတော့ အဖွင့်သီချင်းဖြစ်တဲ့ 'ပြီးမြောက်စေသားနှစ်ပါးည'ဆိုတဲ့ သီချင်းခေါင်းစဉ်ကို သုံးထားပါတယ်။ ဒီသီချင်းလေးကို ဆရာဦးပေါသျှံကရေးပေးတာပါ။ အခွေထဲမှာ ဆရာဦးပေါလျှံရေးထား တဲ့သီချင်း(၄)ပုဒ်၊ ကျွန်တော့်ဆရာဦးလေး ဦးချမ်းသာရေးတဲ့ သီချင်း(၁)ပုဒ်၊ ဦးဝင်းမောင်ရေး တဲ့သီချင်း(၁)ပုဒ်နဲ့ ကျွန်တော်ရေးတဲ့သီချင်း(၃)ပုဒ် ပါဝင်ပါတယ်။ ရွှေမန်းသဘင်ရဲ့ နှစ်ပါးသီချင်းတွေနဲ့ အခုသီချင်းအသစ်တွေပေါင်းစပ် ထားတာ ထူးထူးခြားခြားလေးဖြစ်အောင်လုပ်ထားတာပါ။ ဒီအခွေလေးရိုက်ဖို့ကြိုးစား နေတာ လေးငါးလလောက်ရှိပါပြီ။ ဒါပေမဲ့ တကယ်လုပ်ဖြစ်သွားတာက ဒီနှစ်ပတ်အတွင်း လောက်မှပါ။ 'ပြီးမြောက်စေသား နှစ်ပါးည'သီချင်းလေးဖြစ်ပေါ်လာရပုံက ကျွန်တော်တို့ ကအခုမိုးရာ သီဇာတ်နား နေတဲ့အချိန်လေ။ ဇာတ်နားနေတုန်းမှာ ကမ္ဘာ့ဖလား ဘောလုံးပွဲအစီအစဉ်တွေကိုကြည့်ဖြစ်သွားတယ်။ အဓိက ဖွင့်ပွဲ၊ပိတ်ပွဲအစီအစဉ်တွေ ပေါ့နော်။ ကြည့်တဲ့အခါမှာလည်း ကျွန်တော်က တင်ဆက်မှုတွေကို အနုပညာရှုထောင့် ကနေကြည့်ဖြစ်တာပါ။ ဘောလုံး ရှုထောင့်ကနေကြည့် တာမဟုတ်ဘူး။ အဲဒီမှာသူတို့ရဲ့ တင်ဆက်မှုတွေက နိုင်ငံပေါင်းစုံက ဖျော်ဖြေတင်ဆက်မှုတွေနဲ့ဆိုတော့ ကျွန်တော်ကအဲဒီပွဲမှာ ငါတို့မြန်မာ့ယဉ်ကျေးမှုတွေနဲ့လည်း တင်ဆက်မှုရခဲ့ရင်ဆိုတဲ့ အတွေးလေးဝင်သွားမိတာပါ။ ငါ့ကိုများခေါ်ခဲ့ရင် ဆိုပြီး စိတ်ကူးယဉ်မိတာ ပေါ့(ရယ်လျက်)။ အဲဒီမှာရှာကီရာရဲ့ သီချင်းထဲက Cho: အပုဒ်လေးကိုယူလိုက်တာပါ။ မြန်မာမှုနဲ့အနောက်တိုင်းဂီတကိုပေါင်းစပ်ကြည့်တာပါ။ အဲဒီ စိတ်ကူးကိုအကောင်အထည် ဖော်တဲ့အနေနဲ့ ဒီသီချင်းလေးကို ဆရာဦးပေါသျှံက ရေးစပ်ပေးတာဖြစ်ပါတယ်။ ဒီအခွေမှာတော့ မင်းသမီးအင်အားမသုံးထားပါဘူး။ ပထမတော့ သုံးဖို့စိတ်ကူးပါသေးတယ်။ မထည့်ရင်လည်းရတယ်၊ ထည့်ရင်လည်းရ တယ်ပေါ့နော်။ ပရိသတ် တောင်းဆိုမှုကြောင့်
မင်းသမီးအများကြီးပါဝင်တဲ့ ဒေဝစ္ဆရာလေး များ အခွေလည်း ထွက်ခဲ့ဖူးပါတယ်။ အောင်လည်း အောင်မြင်ခဲ့ပါတယ်။ အခုခွေကတော့ ကျွန်တော့်ရဲ့ မှတ်တိုင် တစ်ခု ဖြစ်ချင်လို့ပါ။ မင်းသမီးထဲက ဆိုရင် အဘက်ဘက်က ကျွမ်းကျင်တဲ့ မရတနာခင်နဲ့ သဘင်ဘက်ကဆိုရင် ဒါလီလင်းတို့ ပါဝင်ပါတယ်။ အလှထက် အကကိုဦးစားပေးထားတဲ့ အခွေပါ။ ဒီအခွေကို မြန်မြန်ထုတ်ဖြစ်အောင်လည်း စီစဉ် သွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပြီးသွားတဲ့ ကမ္ဘာ့ဖလားပွဲနဲ့လည်း အလှမ်းဝေး မသွားရအောင်ပါ။ အခုဆိုရင် ရွှေမန်းသဘင်ဟာ တတိယမျိုးဆက် ဖြစ်တဲ့ ကျွန်တော့်ရဲ့ လက်ထဲမှာပါ။ ဒုတိယမျိုးဆက် ဖြစ်တဲ့ ကျွန်တော့်ရဲ့ ဘကြီးတွေ၊ ဦးလေးတွေခေတ်မှာတော့ သူတို့က အစွမ်းကုန် တာဝန်ကျေခဲ့ပါတယ်။ တတိယမျိုးဆက်ဖြစ်တဲ့ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေ ထဲမှာတော့ ဒီသဘင်ကို ဝါသနာပါသူရော၊ မပါသူရောရှိပါတယ်။ အဲဒီတော့ ဝါသနာတူ ညီအစ်ကိုမောင်နှမတွေ စုစည်းပြီးတော့ ရွှေမန်းသဘင်ကို ဒုတိယမျိုးဆက်ဖြစ်တဲ့ ညွန့်ဝင်း၊ဝင်းဗိုလ်၊ဆန်းဝင်း၊ဝင်း မောင်ချမ်းသာတို့ခေတ်တုန်းကလို ပြန်ဖြစ်ချင်တယ်။ ကျွန်တော်တို့ရဲ့ အဖွင့်ပဏာမတေး တစ်ပုဒ်ဖြစ်တဲ့ 'ရွှေမန်းလာပြီ'ဆိုတဲ့ တေးကိုလည်း မဆိုဖြစ်ခဲ့တာကြာပါပြီ။ ဒီနှစ်မှာတော့ ကျွန်တော်ရယ်၊ ဦးဝင်းဗိုလ်ရဲ့သား တွေဖြစ်တဲ့ အစ်ကို ကိုစည်သူဗို၊ ညီလေးရာဇာဗိုနဲ့ ကျွန်တော့်ညီမလေး မေတင်မောင် ဆန်းဝင်းတို့မောင်နှမ(၄)ဦးက စုစည်းမှုအင်အားအပြည့် နဲ့ 'ရွှေမန်းလာပြီ'ဆိုတဲ့တေးကို ပြန်လည်ဟစ်ြေ<ွကးပါမယ်ခင်ဗျာ။ ရာဇာက အခုမှ (၁၆၊၁၇)အရွယ်ပဲရှိသေးတော့ ငယ်သေး တယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တုန်းကလည်း ဒီအရွယ်ကတည်းက ကြိုးစားခဲ့ရတာပါ။ ကျွန်တော်တို့မှာ အားသာတာက မျိုးရိုးဆိုတဲ့ပံ့ပိုးမှုကရှိပြီးသားလေ။ ဒါပေမဲ့ ဗီဇပါလာပေမယ့် ဝါသနာအရင်းမခံရင်လည်း မဖြစ်နိုင်ဘူး။ အခုရာဇာမှာက မင်းသားတစ်ယောက်ရဲ့ ရုပ်ရည်၊ အသံရှိတယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါပေမဲ့ ဝါသနာကတော့ ဘယ်လောက်ကြီးလဲ ကျွန်တော်မသိနိုင်ဘူး။ ဒါကြောင့် သူ့ရဲ့ဖြစ်တည်မှုက ကျွန်တော်တို့ပံ့ပိုးမှုထက် သူ့ရဲ့ဝါသနာကြီးမှုနဲ့ဇွဲရှိမှုက ပိုအရေးကြီးပါတယ်။ အမှန်အတိုင်း ပြောရင် အခု အိမ်ထောင်သည်ဘဝကပိုပြီး အနုပညာ အားထုတ်မှုကောင်းတယ်။ လူပျိုဘဝတုန်းက အပြင်မှာသွားလာနေတာများတယ်။ (ရယ်လျက်)။ အခု အိမ်ထောင် သည်ဘဝရောက်တော့ ကျွန်တော်လိုအပ်သမျှ ကျွန်တော်လို ချင်သမျှကိစ္စအဝဝကို ကျွန်တော့်မိန်းမက မဖြစ်ဖြစ်အောင် ပံ့ပိုးကူညီပေးတယ်။ အိမ်ထောင် မပြုခင်တုန်းကတော့ ငါအိမ်ထောင်ပြုလိုက်ရင် ဆိုတဲ့အတွေးမျိုးတော့ ဝင်မိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ပရိသတ်က အနုပညာကိုသာ အဓိကအားပေးတာ ဆိုတာကို ပဲခူးပွဲမှာ သိလိုက်ရတယ်။ ကျွန်တော် မင်္ဂလာဆောင်ပြီး (၂)ရက်အကြာမှာ ပဲခူးဘုရားပွဲကြီးမှာ ကရတာလေ။ အဲဒီမှာ ကျွန်တော့်ပရိသတ်က ထင်ထားတာထက် ပိုပြီးအားပေးတဲ့အတွက် ဝမ်းသာကြည်နူး ဖြစ်ရပါတယ်။
မိန်းမရဲ့ပံ့ပိုးကူညီမှု၊ ပရိသတ်ကြီးရဲ့ အားပေးချစ်ခင်မှုနဲ့ ကျွန်တော် ရွှေမန်းသဘင် တတိယ မျိုးဆက်ကို ဆက်လက် ချီတက် သွားပါမယ်ခင်ဗျာ''
အေးမမလှိုင်(ထုတ်လုပ်သူ)
ကိုဆန်းမင်းရဲ့ အမျိုးသမီး တစ်ယောက်အနေနဲ့ ဒီအခွေလေးကို စီစဉ်ဖြစ်သွားတာက နှစ်ပါးဗီစီဒီ အခွေရိုက်ဖို့ စီစဉ်နေတာတော့ကြာပါပြီ။ အခု မိုးတွင်းကာလ ဇာတ်နားနေတဲ့ အချိန်နဲ့ ဒါရိုက်တာကိစ္စ သီချင်း ကိစ္စ စတဲ့ ကိစ္စအဝဝတွေ အဆင်ပြေတာ ဖြစ်လာတာနဲ့ ချက်ချင်း စီစဉ်ဖြစ်တာပါ။ ဇာတ်မင်းသားတစ်ယောက်ကို လက်ထပ်လိုက်ရတဲ့ အတွက် အခက်အခဲတွေက တော်တော်များ များကိုရှိပါတယ်။ ကျွန်တော်တို့နှစ်ယောက် က ကြီးပြင်းရတဲ့ အသိုင်းအဝိုင်းချင်းက မတူဘူးလေ။ ကျွန်တော်တို့က ကုန် သည် ဖြစ်တော့ ပြောတာဆိုတာ ပွင့်ပွင့်လင်းလင်းနဲ့ဟောဟော ဒိုင်းဒိုင်းပြောတတ်တယ်။ အနုပညာဘက်မှာကျတော့ တချို့နေရာတွေမှာမုသား ပါမှ အဆင်ပြေတာတွေရှိ တယ်။ 'မုသားမပါ လင်္ကာ မချော'ဆိုသလိုပေါ့ အစ်မရယ်။ အဲဒီအတွက် ကျွန်တော့်မှာ တော်တော်ကျင့်ယူနေရတယ်။ သွား ရေး၊လာရေး၊ နေရေး၊ ထိုင်ရေးက အစပေါ့။ စောစောပိုင်းမှာ အသားမကျ သေးပါဘူး။ ဒါပေမဲ့ ယောက်ျားကို ချစ်တဲ့စိတ်နဲ့ အဆင်ပြေအောင်ပဲနေပါတယ်။ အခုဆိုရင်ဇာတ်ကို, ကိုဆန်းမင်းနဲ့ အေးမက ဦးစီးနေတော့ဒီလိုပဲ အဆင်ပြေအောင်ညှိ လုပ်ရတာပေါ့။ အရင်တုန်းကကိုဆန်းမင်းက အနုပညာအလုပ် တစ်ခုတည်းကိုသာ အားထည့်အားစိုက်ခဲ့တာ ဆိုတော့ အဖွဲ့သားတွေထဲမှာ စည်းကမ်းပိုင်းဆိုင်ရာ နည်းနည်း လျော့တာပေါ့နော်။ ကျွန်တော် ရောက်လာတဲ့နောက်မှာ လိုချင်တဲ့ဖြစ်ချင်တဲ့ ဟာလေးတွေကို စည်းကမ်းလေးတွေ ထုတ်ဖြစ်တယ်။ စည်းကမ်းရော၊ အနုပညာ တင်ဆက်မှုရော အကောင်းဆုံးဖြစ်အောင် လုပ်ပေးချင်တယ်လေ။ လူတစ်ယောက်ရဲ့ လက်ငါးချောင်းတောင် အကွာအဝေး မတူသေးတာပဲ။ လူအများ ကြီးဆိုတော့ အမြင်ချင်း၊ အတွေး အခေါ်ချင်းမတူနိုင်ဘူးလေ။ ဒါကို ကျွန်တော်နားလည် ပါတယ်။ ကျွန်တော့်စည်းကမ်းကို လိုက်နာနိုင်တဲ့သူက ကျွန်တော်ကောင်းတယ်ပေါ့။ မလိုက်နိုင်တဲ့သူက ကျွန်တော်ဆိုးတယ်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကိုဆန်းမင်း အတွက်လုပ်ပေးရတာ ဖြစ်လို့ ကိုဆန်းမင်းနား လည်ပေးရင်ရပါပြီ။ ကျန်တဲ့သူတွေ ချစ်တာ၊ မုန်းတာတွေ ကျွန်တော် ခေါင်းထဲ မထည့်ထားဘူး။ 'ပြီးမြောက်စေသား နှစ်ပါးည' ဗီစီဒီခွေနဲ့ပတ်သက်ပြီး ပြောချင်တာကတော့ ဒီအခွေလေးကတော့ ရိုးရာနဲ့ ခေတ်ပေါ် ပေါင်းစပ်ထားတဲ့ နှစ်ပါးအခွေ လေးတစ်ခွေပါ။ ဟိုအရင် ရွှေမန်းသဘင် အခွေတွေနဲ့တော့ နည်းနည်း လွဲထွက်နေပါလိမ့်မယ်။ ရိုးရာလည်း မသွေဖီ ခေတ်နဲ့လည်းအညီဖြစ်အောင် အကောင်းဆုံး တင်ဆက်ပေးထားပါတယ်။ အဲဒီတော့ ရွှေမန်း သဘင်ကို ပရိသတ်ကြီးရော၊ သဘင်ပရိသတ်ကြီးပါ ကိုဆန်းမင်းနဲ့ ဆရာဦးပေါသျှံတို့ရဲ့ဆုံစည်းမှုနဲ့ အကောင်းဆုံးတင်ဆက်မှုတွေကို အားပေးကြပါ လို့။ ကျေးဇူးတင်ပါတယ်ရှင်'' 
ဦးပေါသျှံ(ဒါရိုက်တာ)
''ဦး တင်မောင်ဆန်းမင်းဝင်း နှစ်ပါးသွားခွေကို ရိုက်ပေးတာ ပထမဆုံးပဲ။ ဘာကြောင့် ရိုက်ပေးဖြစ်တာလဲ ဆိုတော့ ငယ်ငယ်တုန်းက ဦးက ရွှေမန်းပရိသတ်ပဲလေ။ ဒီကလေးတွေကို ရိုက်ပေး ချင်နေတာ ကြာပြီ။ ဒီခွေမှာကတော့ ရွှေမန်းရဲ့ အရိပ်အငွေ့ သီချင်းလေးတွေ ပါမယ်၊ သူ့ရဲ့ ဦးလေးတွေ၊ ဘကြီးတွေရဲ့ သီချင်းတွေပါမယ်၊ အခုခေတ် သွားနေတဲ့ သီချင်းလေးတွေပါမယ်ပြီးရင် အရင်တုန်းက ရွှေမန်းသီချင်းတွေထဲက ဦး စွဲလန်းခဲ့တဲ့ မန်းဘိုဘို၊ မန်းချမ်းချမ်း ဆိုတဲ့သီချင်းလေးကို ရင်ထဲရောက်ခဲ့တဲ့ အတွက် ရွှေအလင်္ကာမောင်ဆိုတဲ့ ရွှေမန်းကာလာနဲ့သီချင်းလေးတစ်ပုဒ်ထည့်ထားတယ်။ တင်မောင်ဆန်းမင်း ဝင်းနှစ်ပါးသွားခွေထဲမှာ (၂ဝ၁ဝ)ကမ္ဘာဖလား သီချင်းသံစဉ်ကိုယူထား တယ်ဆိုတာကဦးက ဘောလုံးပွဲဝါသနာပါတော့ ဘောလုံးပွဲတအားကြည့်တယ်။ ဒီကမ္ဘာ့ဖလားဗိုလ်လုပွဲကြီးမှာ ငါတို့မြန်မာလည်း တစ်နေ့ မရဘူးမဟုတ်ဘူး၊ ရကိုရရမယ်။ ငါတို့ မြန်မာအလှည့်ကျရင် အဲ့ဒီဘောလုံးကွင်းကြီးမှာ ငါတို့ရဲ့ မြန်မာဆိုတဲ့အနုပညာအက တွေနဲ့ မြန်မာဆိုင်းနဲ့ သူတို့နိုင်ငံက ရှိသမျှပစ္စည်းတွေ နဲ့ပေါင်းပြီး Arrangement တွေလုပ်မယ်။ ပြီးရင် မြန်မာပြည်ကမင်းသားအကုန်လုံးကို အဲ့ဒီကွင်းထဲမှာ မင်းသမီးတွေနဲ့ ကခိုင်းပြီး မြန်မာယဉ်ကျေးမှု ဆိုတာကိုပြမယ်။ သူတို့ အာဖရိကမှာလည်း သူတို့အကနဲ့သူတို့ အတီးလေးတွေကို ပြသွားတယ်လေ။ ဦးတို့အလှည့်မှာလည်း အဲ့ဒီပွဲကြီးမှာပြမယ်ဆိုတဲ့ စိတ်ကူးယာဉ်လိုက်တဲ့ အချိန်မှာ တင်မောင်ဆန်းမင်းဝင်းလည်း ရောက်လာရောဟေ့ ငါတို့ ဒီဟာကိုတစ်နေ့ ကမ္ဘာ့ဖလားဘောလုံးပွဲကို ရောက်တဲ့အခါ ကြိုတင်ခံစားချင်တယ် ဆိုပြီး လုပ်လိုက်တာ။ ကမ္ဘာ့ဖလားကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်တဲ့ဂုဏ်ပြုနှစ်ပါးပါ။ ဒီလိုရိုက်ရင် ဦးက ကိုယ့်စိတ်ကူးနဲ့ကိုယ်ပဲ ရိုက်ပါတယ်။ ဆန်းမင်းက ဦးအကြိုက်ဆုံး မင်းသားထဲမှာပါပြီးသား ဆိုတော့ လူငယ်ပိုင်းမှာ သဘင်ပညာရပ်ကို အားကိုးအားထားရမယ့် လူငယ်လေးပါ။ ပြီးတော့ အကပညာပိုင်းမှာ ဆန်းမင်းတို့လို ပညာပါတဲ့ မင်းသားတွေ က,ကပြရင် ကလေးတွေပါ အကကို စွဲလန်းလာကြမယ်။ ဦးက တခြားဒါရိုက်တာတွေလို မဟုတ်ဘဲဒီလို ဇာတ်နဲ့ပတ်သက်တာပဲ ရိုက်တာက ဦးက ဇာတ်ရူးမို့လို့ပေါ့။ ဒီလိုရိုက်ဖြစ်ဖို့ကလည်း ဂီတအတတ်လည်း ပါရမယ်၊ ဒါရိုက်တာ အတတ်လည်းပါရမယ်၊ ဇာတ်သဘင်အတတ်လည်းပါမှ ရိုက်လို့ရမှာလေ။ နှစ်ပါးတစ်ခွင်လုံး ကိုကျွမ်းကျွမ်း ကျင်ကျင်မသိရင် ရိုက်လို့ရမှာ မဟုတ်ဘူး''
ရတနာခင်
''လောလောဆယ်တော့ ကားရိုက် တွေလာငှားလို့ ဇာတ်ကိုကြိုက်ရင်ရိုက် လိုက်တယ်။ ကျန်တာကတော့ ကြော်ငြာ လေးရိုက်လိုက်ဘာလိုက်ပေါ့။ ဆန်းမင်းရဲ့ နှစ်ပါးသွားခွေမှာ ကဖြစ်သွားတာက ဆန်းမင်းနဲ့က မဆင့်(မေသန်းနု)ပွဲမှာရော၊ အပြင်ပွဲတွေမှာရော ကဖူးတယ်။ နောက် သူတို့မင်္ဂလာဆောင်တုန်းက သူ့ဇနီးနဲ့လည်း ခင်တော့ သီချင်းတစ်ပုဒ်မှာတေးရုပ်ဖော် ကပေးပါဆိုတာနဲ့လာရိုက်ပေးတာပါ။ တင်မောင်ဆန်းမင်း ဝင်းကို ဘယ်လိုမြင်လဲဆိုတော့ အခုခေတ်မှာ သူတို့ကြောင့် ဇာတ်သဘင်လောက တိုးတက်လာတာကို ကြိုက်တယ်။ ဘာလို့လဲဆိုတော့ အစ်မက မြန်မာအကကိုကြိုက်တယ်။ ဇာတ်သဘင်ကိုလည်းအားပေးတယ်။ အစ်မရဲ့သားလေးကလည်း နည်းနည်းငယ်တုန်း ကတော့ကတယ်။ အခုတော့ ကြီးလာတော့ နည်းနည်းရှက် တတ်လာတယ်။ သူလည်း မြန်မာအကကိုကြိုက် ပါတယ်။ အစ်မကိုအားပေးနေတဲ့ ပရိသတ်ကြီး အားလုံး ရတနာ့ကို မမေ့ကြဖို့နဲ့ ယနေ့ထိ တွေ့ရင်ချစ်နေကြတဲ့ပရိသတ်ကြီးကို ကျေးဇူး တင်ပါတယ်''
မေတင်မောင်ဆန်းဝင်း
''လောလောဆယ် အနုပညာ လှုပ်ရှားမှုက (၂၃)ရက်နေ့ကျရင် မိတ္ထီလာ၊ တမာကုန်းမှာ ကမယ်။ မိုးတွင်းမှာ ကရတာက တချို့နေရာတွေမှာ ကျတော့ မိုးလုံလေလုံလေးတွေပေါ့။ တချို့ကျတော့လည်း မိုးရွာရင် ပွဲပျက်တဲ့ညတွေ ရှိတာပေါ့။ ဒါပေမဲ့ ကမှာပါ။ ကိုကို့လို တစ်ကိုယ်တော်အခွေ လုပ်ဖို့ စိတ်ကူးတော့ ရှိပါတယ်။ အခု ကိုကို့နှစ်ပါးခွေမှာ သမီးမပါ,ပါဘူး။ အငြိမ့်အတွက် ကဖို့ သီချင်းဆန်းဆန်း သစ်သစ်ရှိလား ဆိုတော့ မရှိပါဘူး။ သမီးတို့ဆီမှာ ဆိုင်းတီးတဲ့ ရွာစားဆရာက စပ်ပေးတဲ့ သီချင်းတွေပဲ ဆိုပါတယ်။ ကိုကိုက အိမ်ထောင်ကျသွားပေမယ့် ပရိသတ်တွေက အချစ်အခင် မပျက်ပဲ ပိုတောင် အားပေးကြပါသေးတယ်။ အားပေးမှု လျော့သွားတာတွေ ဘာတွေမရှိပါဘူး။ ယောင်းမနဲ့ကလည်း သူနဲ့ကိုကိုနဲ့ မယူခင်ကတည်းက အဆင်ပြေပြီးသားလေ။ ညီအစ်မတွေလိုပဲ ချစ်ပါတယ်။ အားပေးနေကြတဲ့ ပရိသတ်ကြီးကိုလည်း သမီးကို အားပေးကြပါ၊ ချစ်ကြပါ၊ ပိုချစ်လို့လည်း ရပါတယ်လို့ ပြောချင်ပါတယ်''
ဦးတိမ်ညွန့်
''ဘဘက တင်မောင်ဆန်းမင်းဝင်း တို့ရဲ့အဘိုး ရွှေမန်းဦးတင်မောင်လက်ထက် ကတည်းက,ကခဲ့တာ။ ဒီ 'တိမ်ညွန့်' ဆိုတဲ့ နာမည်လည်း ရွှေမန်းဦးတင်မောင်ပဲ ပေးခဲ့တာ။ ကိုဝင်းဗိုလ်၊ ကိုဆန်းဝင်းနဲပ အစ်ကိုကြီး ကိုညွန့်ဝင်းကတော့ ခေါင်းဆောင်ပေါ့။ သူတို့ လက်ထက် ကတည်းက, ကလာတာ အခုသူတို့ မျိုးဆက်သစ် တင်မောင်ဆန်းမင်းဝင်း လက်ထပ် အထိ အကူအညီလာပေးတာပါ။ ဘဘမှာလည်း မျိုးဆက် သားသုံး ယောက်ရှိပါတယ်။ အကြီးက ချစ်ညွန့်ဆိုပြီး လူရွှင်တော်ကနေတယ်။ အငယ်ကောင်က ကွန်ပျူတာနဲ့ကင်မရာပိုင်း။ သရုပ်ဆောင်တာနဲ့ စင်ပေါ်မှာကတာ ဘာကိုပိုနှစ်သက်လဲဆို တော့ ဘဘကပရိသတ်နဲ့ထိတွေ့နေရရင် ကျေနပ်နေ တာပဲ။ စင်ပေါ်မှာကတာကတော့ ပရိသတ်နဲ့ တိုက်ရိုက်ထိတွေ့ရတယ်။ သရုပ်ဆောင်တာကတဆင့်ပေါ့။ တင်မောင်ဆန်းမင်းဝင်းကိုဘယ်လိုမြင်လဲ ဆိုရင် သူကအလင်္ကာမျိုးဆက်တွေပဲလေ။ ဘဘတို့နဲ့ကျတော့ တူတော် တာပေါ့။ ကိုဆန်းဝင်းတို့နဲ့အတူလုပ်ခဲ့တော့ သူတို့ကလေးတွေအလှည့်ကျ တော့ ကူညီရမှာပေါ့။ ကလေးတွေက ဖြူစင်ပါတယ်။ အလှူပွဲတွေမှာလည်း ငမော့စ်၊ မိုးဒီ၊ စိန်ရိုး၊ တိမ်ညွန့်ဆိုပြီးကကြတယ်။ အခု ဘဘနဲ့မောစ့်နဲ့တွဲပြီး အလှူပွဲလေးတွေကဖြစ်နေတယ်။ ကရတဲ့အခါမှာ ဘယ်လို အခက်အခဲတွေ ကြုံရလဲဆိုတော့ ဘဘက (၁၁)နှစ်သား တကည်းက အနုပညာ အလုပ်ကို လုပ်လာတာဆိုတော့ ထုသားပေသား ကျနေပြီလို့ ဆိုရမှာပေါ့။ ဘာမှ ခက်ခက်ခဲခဲ မဖြစ်တော့ပါဘူး။ အခုတက်လာတဲ့ လူငယ်တွေကိုလည်း ဖြစ်စေချင်ပါတယ်။ ဘဘတို့တုန်းက ဘဘတို့ဆရာတွေက ဘဘတို့ကို ထမင်းအိုး တည်ပေးခဲ့တာ ဆိုတော့ အခုလည်း ဘဘတို့က လူငယ်တွေကို ထမင်းအိုးတည်ပေးတဲ့ အနေနဲ့ လူရွှင်တော်ဖလား၊ လူရွှင်တော်စတား ဆိုပြီး လူကြီးတွေနဲ့တိုင်ပင်ပြီး လုပ်ပေးနေတာမှာ ကိုယ်မကြားဖူးတဲ့ အလုံးလေးတွေကိုပါ ပျက်လာကြတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးကိုလည်း ဘဘကိုအားပေးကြပါ။ သေသည်အထိ အားပေးကြပါ။ သေသည်အထိ အနုပညာ အလုပ်တွေကို လုပ်သွားမှာပါ''
ဒါလီလင်း
''ဒီမှာပါဝင်ဖြစ်တာက ကိုဆန်းမင်းနဲ့ အစ်မက မောင်နှမလို့ဖြစ်နေတော့ လာကူညီ တဲ့သဘောပါ။ အစ်မကိုယ်ပိုင်ဇာတ်ကို ခဏနားထားတယ်။ သီတင်းကျွတ်၊ တော် သလင်း လောက်ကျရင်တော့ ရှမ်းပြည်ဘက်တက်ဖို့ ရှိတယ်။ ပြည်ပခရီးစဉ်နဲ့ ပြည်တွင်းခရီးစဉ် ကွာခြားတာတော့ သိပ်ပြီးတော့ကွာခြားတာတော့မဟုတ်ပါဘူး။ ဖျော်ဖြေတင်ဆက်တာ ခြင်းတော့ အတူတူ ပေါ့။ နိုင်ငံခြားကလည်း ကိုယ့်မြန်မာတွေပဲဆိုတော့ သူက မြန်မာ့အနု ပညာငတ်နေတဲ့အတွက် ပိုပြီးတော့ အားပေးမယ်လို့ထင်ပါတယ်။ အဲဒီ့အတွေ့အကြုံ ကတော့ ကွာခြားတယ်။ ကိုယ်ကကိုယ့်မြန်မာနိုင်ငံမဟုတ်တော့ စိတ်ထဲမှာတော့ တစ်မျိုးခံစားရတာပေါ့။ စိတ်ထဲမှာ အားငယ်တဲ့စိတ်တွေဖြစ်တယ်။ ဒီနှစ်ပါးသွားမှာက ကိုကြီးဆန်းမင်းတစ်ယောက်တည်းပဲ။ နှစ်ပါးနှစ်ယောက် တစ်ယောက်စီတွဲက တဲ့နေရာမှာကတော့ မရတနာခင်ကတစ်ပုဒ်၊ အစ်မကတစ်ပုဒ်ပေါ့။ ကိုဆန်းမင်းကို ဘယ်လိုမြင်လဲဆိုတော့ သူက တော် တော်ကြိုးစားပါတယ်။ အပြင်မှာ ဆိုလည်း သူ တစ်ချက်ကလေးမှ မနားဘူး။ နောက်ပြီး ဒီခွေလေးမှာ သူတော်တော်လေး အားပေးပါ တယ်။ အဲ့တော့ ကိုကြီးဆန်းမင်း ဒီခွေလေးမှာ အောင်မြင်ပါစေ လို့ဆုတောင်းပါတယ်။ ဒီခွေလေးက ထူးခြားတယ်။ ပြီးတော့ ဆရာပေါသျှံက နှစ်ပါးခွေဆိုသူက ပေါက်အောင် ရောင်းတယ်။ အခု ရွှေမန်းရဲ့အနုပညာနဲ့ ဆရာပေါသျှံရဲ့ အနုပညာနဲ့ ပေါင်းစပ်လိုက်တော့ တော်တော်ကိုကောင်းသွားတာပေါ့။ ဒီအခွေလေးကို ပရိသတ်တော်တော် အားပေးမယ်လို့ ထင်ပါတယ်''
ရာဇာဗို
''ကျွန်တော်နာမည်က 'ရာဇာဗို'ပါ။ ကျွန်တော် ဒီနှစ်မှ ကိုဆန်းမင်းဝင်းနဲ့စပါမှာ ပါ။ ကျွန်တော် အခုလောလောဆယ် စတေ့ခ်ျရှိုး ဆိုနေတော့ အကပညာကို ဖြည်းဖြည်း ချင်းသင်သွားမှာပါ။ အကဘက်ကို သိပ်ပြီးတော့ မကျွမ်းဘူး။ တစ်ချိန်ကျရင်တော့ ကမှာပါ။ ဒီနှစ်သဘင်ရာသီမှာလည်း ကြိုကြား ကြိုကြား အစ်ကိုနဲ့လိုက်ပြီး တွဲက ဖြစ်မှာပါ။ ကျွန်တော်က အဆိုဘက်မှာ ပိုအားသန်ပါတယ်။ ဒီအနုပညာ နယ်ပယ်ကို ခဏဝင်တာမျိုး မဟုတ် ပါဘူး။ ဝါသနာပါ လို့ဝင်လာတာပါ။ ဘဝရပ်တည်မှုအတွက်ပေါ့။ အတွေ့ အကြုံတော့ ဒီနေ့မှစပါမှာဆိုတော့ သိပ်ပြီးများများစားစားမရှိသေးဘူး။ သီချင်းကတော့အစုံပဲ။ စတေ့ခ်ျရှိုးအတွက် ရော၊ မြန်မာသံအတွက်သီချင်းတွေရောပေါ့။ မြန်မာသံသီချင်းမှာလည်း ဘိုးဘိုးသီချင်းတွေလေ့လာ ထားတယ်။ ခေတ်ပေါ်မှာကျတော့ ပန့်ခ်ဘက်ကိုအားသန်ပါတယ်။ အလင်္ကာရဲ့ တတိယမျိုးဆက် ဆက်လက်ရှိတယ်လို့ ကျွန်တော် တတ်စွမ်းသမျှ ထမ်းဆောင်ကြည့်မှာပါ''
စည်သူဗို
''အခု အစီအစဉ်ကတော့ 'ပြီးမြောက် စေသားနှစ်ပါးည'ပေါ့။ ဒီအစဉ်လေးရဲ့ ရည်ရွယ်ချက်က ဇာတ်သဘင် အနု ပညာကို အနယ်နယ်အရပ်ရပ် လာရောက်မကြည့်ရှုနိုင်တဲ့ ဇာတ်သဘင် ကိုချစ်တဲ့ပရိသတ်တွေရော၊ မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ပြည်သူလူထု ရော ဒီသဘင်ပညာကိုခံစားစေချင်လို့ပါ။ ဒါလေးကို ဗီစီဒီအခွေလေးအနေနဲ့ဖြန့် လိုက်တဲ့ အခါကျတော့ အိမ်မှာ အေးအေး ဆေးဆေးနဲ့ အားပေးလို့လည်းအဆင်ပြေ မယ်ပေါ့။ကတာကတော့ နယ်မှာကျတော့ ပရိသတ်နဲ့ လက်ပွန်းတတီးတွေ့ရတာပေါ့။ မှားရင်လည်း ပြန်ပြင်လို့မရဘူး။ အမှားလည်း အမှားအတိုင်း၊အမှန်လည်း အမှန်အတိုင်းပဲ။ ဒီမှာက မကြိုက်ရင် ပြန်ရိုက်လို့ရတယ်။ ဒါလေးတော့ ကွာခြားတာပေါ့။ ခုနှစ်ပါးခွေက ဆင်ဆာတင်မှာနဲ့ ဆိုတော့ တစ်လကျော်ကျော်လောက်တော့ ကြာဦးမယ်။ ကျွန်တော်တို့ သဘင်အနုပညာရှင်တွေကို အားပေးတဲ့ ပရိသတ်တွေရော၊ အားမပေးရသေးတဲ့ ပရိသတ်တွေရော၊ စိတ်ဝင်စားနေတဲ့ ပရိသတ်တွေကိုလည်း ကြိုဆိုပါတယ်၊ ကျေးဇူးလည်း အထူးတင်ပါတယ်လို့''
ဦးရွှေဂဲ(လူရွှင်တော်)
''ဦးက ရွှေမန်းသဘင်မှာ ကိုဝင်းဗိုလ်၊ ကိုဆန်းဝင်းနဲ့ ကိုချမ်းသာတို့ လက်ထက်ကတည်းက, ကလာခဲ့တာ အနှစ်(၃ဝ)လောက်မှာ ကျန်းမာရေး ကြောင့် အနားယူနေခဲ့တာ (၅)နှစ် လောက်ရှိပြီ။ မောင်တင်မောင် ဆန်းမင်းဝင်း ဇာတ်ထဲမှာလည်း (၃)နှစ်လောက်ကဖူးပါတယ်။ အခု က တင်မောင်ဆန်းမင်းဝင်းကို လာ ကူညီပေးတာပါ။ အခုခေတ် လူငယ် လေးတွေက နှစ်ပါးသွားဆို ရွှင်ရွှင်ပြပြ ပြောချင်ကြတယ်၊ ရွှေမန်းဦးတင်မောင်တို့ လက်ထက်ကတော့ နှစ်ပါးသွားဆိုတာ ခန့်ခန့် ငြားငြားပြောကြတယ်။ အရင်တုန်းကဆိုရင် မြိုင်ထပါမှ နှစ်ပါးသွားဆိုတာဖြစ်တာ။ အခုခေတ်က မြိုင်ထဆိုတာမရှိတော့ လွမ်းစရာလေးတွေဖြစ်တာပေါ့။ အခုခေတ် လူငယ်လေးတွေကလည်း ဆန်းတာလေးတွေပါမှ ကြည့်ချင်ကြတာလေ။ ဘဘတို့ ငယ်ငယ်တုန်းကဆို အလှူတွေမှာဆိုရင် အိုးစည်ဒိုးပတ်ဆိုတာမပါမဖြစ်ပဲလေ။ အခုနောက်ပိုင်း မပါကြတော့ပြန်ဘူး။ နည်းနည်း နည်းနည်းပျောက်သွားတာပေါ့။ အခုခေတ်က ရော့ခ်တို့ ပေါ့ပ်တို့ ပေါ်လာတဲ့ အခါကျတော့ တားလို့လည်းမရဘူးလေ။ ကျန်းမာရေးမကောင်းလို့နားထားတဲ့အချိန်မှာ မိုးဒီ၊စိန်ရိုး၊ ကောင်းစံ၊ ရှက်တယ်တို့နဲ့ အလှူမင်္ဂလာပွဲတွေမှာ လိုက်ဖျော်ဖြေပေးတယ်။ မိုးဒီကဦးရဲ့ ငယ်သူငယ်ချင်းလေ။ ခုလည်းဘဘရဲ့သားတစ်ယောက် လူရွှင်တော်ရေခဲ နာမည်နဲ့ လုပ်နေတယ်။ ရေခဲဆိုတဲ့ နာမည်က ဘဘရဲ့အဖေနာမည်လေ။ ဘဘအဖေက လည်း လူရွှင်တော်ပဲ။ လူရွှင်တော် ပညာကို ဘဘက အဖေ့ဆီကနေအမွေရတာ။ ဒါကြောင့် အဖေ့နာမည်မပျောက်သွား အောင် မြေးဖြစ်သူကို ရေခဲဆိုတဲ့နာမည်နဲ့ အနုပညာ အလုပ်တွေလုပ်ခိုင်းနေတယ်'' လို့ဖြေကြားပေးသွားခဲ့ကြပါတယ်။