Literature - Vol2 No.95
စာရေးဆရာ၊ ဗေဒင်ဆရာဇင်ယော်နီ၏ ရိုစီမနှင့် လိုတရ ယတြာစာအုပ် ထွက်ရှိ မင်းသိင်္ခကိုယ်တိုင် ဖျက်ပြီး ပြန်လုပ်ထားသည့် အရုပ်ကလေး တစ်ရုပ် (သို့မဟုတ်) စာရေးဆရာ ဇင်ယော်နီ၏ ရိုစီမနှင့် လိုတရ ယတြာများ စာအုပ်ကို ပြုံးပန်းတစ်ရာ စာပေက သြဂုတ် (၂ဝ၁ဝ)ခုနှစ် ထုတ်အဖြစ် ဖြန့်ချိလိုက်ပြီ ဖြစ်သည်။ သည်စာအုပ်တွင် ရိုစီမပြောပြသည့် ယတြာများအဖြစ် ဆရာဇင်ယော်နီက ရေးသားထားခြင်း ဖြစ်သည်။ ရေးသားထားသော ယတြာများမှာ ကျောင်းနေပျော်ပျော် စာလည်းတော် အပေါင်းအသင်းကောင်း ရလိုသော် လူအများကို စွဲဆောင်နိုင်သူ ဖြစ်ချင်သလား သံလိုက်ဓာတ် ညှို့ဓာတ် ကောင်းချင်သလား ဒီလိုလုပ်ပါလား၊
လူတစ်ခုပူမှုရယ်တဲ့ ဆယ်ကုဋေ၊ ဒါလေးလုပ်ရင်အားလုံးပြေ၊ ဝေးကြသူများနီးဖို့ရာ၊ လုပ်သမျှအောင်မြင်ပျော်ရွှင်ရွှင်၊ အိမ်သန့်မင်္ဂလာ၊ ကျွန်ုပ်ကိုယ်တွေ့ အလုပ်ရနည်း၊ ရေရာသေချာအောင်ဒါကိုဆောင်၊ ထီကံစမ်းသူများအတွက် အဆောင်၊ ချစ်ဥယျာဉ်၊ လာဘ်ရွှင် လင်ဗန်းချက်ချင်းစွမ်း၊ ရွှေရင်အေး၊ လုပ်သမျှအရာထင် ဒီဓာတ်ဆင်၊ ရွှေကြယ်တစ်ပွင့်၊ ထမင်းစားနည်း၊ ရေသောက်နည်း၊ လေရှူနည်း၊ လူမမာများဝမ်း သာစရာအတည် ရိုစီမလာပါပြီ၊ ဂမ္ဘီရရွှေခေါင်းအုံး၊ ဂမ္ဘီရမျက်လုံး၊ ဝယ်ချင်တာဝယ် ငွေရှာမယ်၊ လိုတရလွယ်အိတ် လေးတစ်လုံးဆောင်းပါးတို့ ပါဝင်သည်။
ဆရာဇင်ယော်နီအား ဆရာမင်းသိင်္ခက ဆရာဇင်ယော်နီရေးသားသည့် လှုပ်လိုက်တဲ့ဖြစ်ခြင်း မရမ်းတလင်းယတြာများ စာအုပ်အမှတ်(၁)ထွက်ရှိစဉ်က ရေးပေးခဲ့သည့် အမှာစာအား ယခုစာအုပ်တွင်အမှာစာကို ပြန်လည်ထည့်သွင်းထားသည်ကို တွေ့ရသည်။ ၄င်းအမှာစာမှာ
တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မာကျူရီလမ်း၊ သုဝဏ္ဏမြို့ရှိ နေအိမ်သို့ ရွှံ့ဖြင့်ပြုလုပ်ထားသော အရုပ်ကလေး တစ်ရုပ်ရောက် ရှိလာလေ၏။ ထိုအရုပ်ကလေးမှာ ကာတွန်းဆရာ အရုပ်ကလေးဖြစ်၏။ သို့ရာတွင် ပီပြင်သော အရုပ်ကလေးမဟုတ်ပေ။ ကာတွန်းဆရာနှင့် မတူသော အချက်အလက်များကို ကျွန်ုပ်တွေ့ရှိရ၏။
ကျွန်ုပ်သည် ထိုအရုပ်ကို မနှစ်သက်ပေ။ ထိုအရုပ်ကို ယူလာသူမှာ လာဘ်မိုးစွေစာပေမှ ဦးသန့်ဖြစ်၏။ အရုပ်ကလေးအား ကောင်းကောင်းမွန်မွန် စားပွဲပေါ်တင်ထားရန် ကျွန်ုပ်အားပြော၍ ပြန်သွား လေ၏။ ¤င်းဦးသန့်ပြန်သွားသောအခါ၌ ကျွန်ုပ်သည် ထိုအရုပ်ကလေးကိုရှေ့နောက် ဘေးဘီမှ လှည့်ပတ်ကြည့်ရှု၏။ အပေါ်မှအောက်မှကြည့်ရှု၏။ အပေါ်မှအောက်မှအောက်မှ ကြည့်ရှု၏။ သို့ရာတွင် ထိုကာတွန်းဆရာ အရုပ်ကလေးသည် ကာတွန်းဆရာနှင့် မတူရှာပေ။
ထို့ကြောင့် ကျွန်ုပ်သည် စိတ်မရှည်တော့သဖြင့် ဆက်မကြည့်တော့ပဲ ကျောက်ငရုတ် ဆုံအတွင်းသို့ထည့်ကာ ကျောက်ကျည်ပွေ့ဖြင့် စိစိညက်ညက်ကြေအောင် ထုချေပစ်လိုက်၏။ သို့မဟုတ် ထောင်းပစ်လိုက်၏။ ရွှံ့ဖြင့် ပြုလုပ်ထားသော ကာတွန်းဆရာ အရုပ်ကလေးသည် လုံးဝ အမှုန့်ဖြစ်၍ သွားလေသည်။
ထိုအမှုန့်များကို ကျွန်ုပ်သည် ကျောက်ငရုတ်ဆုံအတွင်းမှ ထုတ်ယူကာ ကျွန်ုပ်၌အသင့်ရှိသော အန္တရာယ်ကင်းပရိတ်ရေများဖြင့် ရောစပ်ပစ်လိုက်၏။
ရွှံ့ရုပ်ကလေးသည် ကျွန်ုပ်၏ လက်တွင်း၌ ရွှံ့ပြန်ဖြစ်သွား၏။ ကျွန်ုပ်သည် လက်တွင်း၌ထည့်ထားသော ထိုရွှံ့ကိုနှဲ၏။ လက်မဖြင့်ထိုး၏။ လက်ငါးချောင်းဖြင့် အပြန်ပြန် အလှန်လှန်ဆုပ်၏။ ရွှံ့ခြောက်မည်ပြုလျှင် ပရိတ်ရေများထပ်၍ ထည့်၏။ ဤနေရာ၌ မေးဖွယ်ရာရှိ၏။
''ရွှံ့နဲ့လုပ်ထားတဲ့ ကာတွန်း အရုပ်ကလေးပဲ။ ကျောက်ငရုတ်ဆုံထဲ ထည့်ထောင်း လို့ အမှုန့်ဖြစ်သွားပြီဥစ္စာ။ အဲဒီအမှုန့်တွေကို လက်ထဲထည့်ပြီး ရေနည်းနည်းထည့်လိုက် ပြီးသမလိုက်ရင် ရွှံ့ဖြစ်နိုင်ပါလျက် ဘာဖြစ်လို့များ ပရိတ်ရေထည့်ပြီး လုပ်ရတာလဲ''ဟူ၍ မေးဖွယ်ရာရှိ၏။
ထိုသို့မေးခဲ့ပါမူ ထိုအရုပ်ကလေးကို ကျွန်ုပ်ရရှိစဉ်ကပင် ကျွန်ုပ်၏စိတ်၌ တစ်မျိုးတစ်မည် ခံစားနေရ၏။ ထိုကာတွန်းဆရာ အရုပ်ကလေးသည် ပကတိ ဖြူစင်သန့်ရှင်းသော အရုပ်ဟု ကျွန်ုပ်မယုံကြည်နိုင်ပေ။ ကျွန်ုပ်မမြင်နိုင်သော အမှောင့်ပယောဂတစ်ခုခု ပူးကပ်နေသည်ဟု ခံစားမိပါသည်။ ထို့ကြောင့် ထိုအရုပ်ကလေးကို ထောင်း၍ ရရှိသော မြေမှုန့်များကို ရွှံ့ဖြစ်အောင်ပြန်၍ ပြုလုပ်သောအခါ၌ အမှောင့်အယောင့်များ လွင့်ပျောက်စိမ့်သောငှာ ပရိတ်ရေများထည့်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။
ရွှံ့ကို နှဲနေစဉ်အတွင်း၌လည်း သမ္ဗုဒ္ဓေဂါထာကို အဆက်မပြတ်ရွတ်ခဲ့ပါသည်။ အမှောင့်အယောင့်များ ထွက်သွား စေရန်လည်း မြတ်စွာဘုရား၏ နှုတ်ကပတ်တော်များကို ရနိုင်သမျှ ရွတ်ဖတ်ခဲ့ပါသည်။ ကျွန်ုပ်သည် ရွှံ့ကို ကျေနပ်အောင်နှဲနေရ၏။ ရွှံ့အတွင်းမှရရှိသော ခဲများကိုနှိုက်၍ ထုတ်ပစ်ရ၏။ အမှိုက်သရိုက်များ၊ တုတ်စများကို ယူပစ်ရ၏။ ကောင်းစွာ မကြေသော နေရာများကို ထုတ်ကာ ကျောက်ငရုတ်ဆုံတွင် တဖန်ပြန်ထည့် ထောင်းရပြန်၏။
မနှဲအားသည့်အခါ၌ ထိုလက်တစ်ဆုပ်စာမျှရှိသော ရွှံ့ကလေးကို မာကြောမသွားစေရန် အတွက် အဝတ်ကိုရေဆွတ်၍ အုပ်ထားရပြန်၏။ အချိန်ရလျှင် ပြန်၍ရေဆွတ်ကာနှဲရပြန်၏။
ဤသို့ပြုလုပ်နေစဉ်အတွင်း၌ပင် ကျွန်ုပ်အနေနှင့် အဓိဋ္ဌာန်ထားသော သုံးနှစ်တာ ကာလသွားရမည့်ခရီးတစ်ခုကို ထွက်၍သွားရ၏။ ကျွန်ုပ်သည် ထိုခရီးတွင် အသုံးပြုရန်အတွက် ပစ္စည်းပစ္စယများကို ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် သယ်ယူသွားရ၏။ ထိုခရီးကို ကျွန်ုပ်ရော ကျွန်ုပ်၏ တပည့်များ၊ မိတ်ဆွေများကပါ 'ဂန္ဓာရီခရီး'ဟု အမည်ပေးကြပါသည်။
ကျွန်ုပ်သည် ထိုခရီးထွက်ရာ၌ အခြားသောပစ္စည်းများကို ယူဆောင်သွားသကဲ့သို့ ထိုရွှံ့တုံးလေးကိုလည်း ယူဆောင်သွားခဲ့ပါသည်။ ထိုရွှံ့တုံးကို ကျွန်ုပ်သည် ရွှေစက်တော်သို့ ရောက်သည်အထိ လက်တွင်ထည့်ကာ နှဲ၍လာခဲ့ပါသည်။ ထို့အတူ ပုပ္ပါးသို့ရောက်သော အခါ၌လည်း ဆက်၍နှဲခဲ့ပါသည်။ မန္တလေး၊ မုံရွာ၊ မဲဇာလမ်းတစ်လျှောက် ဘုရားစာများရွတ်၍ စိတ်တိုင်းကျ နှဲခဲ့ပါသည်။
ထိုအရပ်ဒေသများမှ ပြန်လာပြီး တောင်ငူအနီး စည်ကြီးတင် ဆိုသော အရပ်သို့ ရောက်သောအခါ၌ တဲကြီးတစ်လုံး ထိုး၍ နေထိုင်ခဲ့ပါသည်။ ထိုအခါ၌ ထိုရွှံ့သည် ကောင်းစွာ အစာကြေ၍ ညက်ညောသွားပါသည်။ အရုပ်တစ်ရုပ် ပြန်၍ထုရန် အသင့်အနေအထားသို့ ရောက်သွားပါသည်။
ထိုအခါ၌ ကျွန်ုပ်သည် အရုပ်ပြန်၍လုပ်ခဲ့ပါသည်။ ကျွန်ုပ်လုပ်သောအရုပ်မှာ ကာတွန်း ဆရာအရုပ် မဟုတ်တော့ပါ။ ဗေဒင်ဆရာအရုပ်ဖြစ်ပါသည်။ ဗေဒင်ဆရာအရုပ်ကလေး ပီပီပြင်ပြင်ဖြစ်သွားသောအခါ၌ ထိုအရုပ်ကလေးကို အခြောက်လှန်းပြီးလျှင် ဆေးခြယ်ရပါသည်။ ထိုသို့ဆေးခြယ်ပြီးနောက် ထိုအရုပ်ကလေးကို ဗေဒင်ဆရာ 'ဇင်ယော်နီ'ဟု အမည်ပေး ကာ တောင်တွင်းကြီးသို့ ပို့လိုက်ရပါသည်။
ထိုဇင်ယော်နီဆိုသော ဗေဒင်ဆရာအရုပ်ကလေးသည် လွန်စွာအချိုးကျသော အရုပ်ကလေးဖြစ်ရုံမျှမက ၄င်းအားထုတ်စဉ်က ကျွန်ုပ်ကိုယ်တိုင် ရွတ်ဖတ်ခဲ့သော မြတ်စွာဘုရား၏ နှုတ်ကပတ်တော်များ ပရိတ်ရေများ၏ အစွမ်းကြောင့် ဘာသာတရားကို လွန်စွာ ကိုင်းရှိုင်းသော အရုပ်ကလေးလည်း ဖြစ်နေပြန်၏။ ထိုအရုပ်ကလေးကို တောင်တွင်းကြီးသို့ ပို့သည့်နေ့၌ပင် ကျွန်ုပ်၏ အဆုပ်ပေါက်၍ သွားသောကြောင့် ကျွန်ုပ်သည် သေလုမျောပါး လူမမာကြီးတစ်ဦးဖြစ်၍ သွားရ၏။ သို့ရာတွင် သေကံမရောက်၍သက်မပျောက်ခဲ့ပါ။
ကျွန်ုပ်၏သုံးနှစ်တာ အဓိဋ္ဌာန်ကိစ္စ ပြီးသောအခါ၌ ကျွန်ုပ်လည်း မှော်ဘီသို့ ပြောင်းရွှေ့ခဲ့ပါသည်။ မှော်ဘီသို့ ရောက်လျှင် ကျွန်ုပ်၏ရောဂါလည်း ပျောက်ကင်းသွားပြီဖြစ်၏။ ကျွန်ုပ်သည် စာအုပ်များထုတ်ရန် စာများရေးရန် ပြင်ဆင်ရသောအချိန်သို့ရောက်လာပြန်၏။
ထိုအခါ၌ ကျွန်ုပ်သည် တောင်တွင်းကြီးသို့ ပို့ထားသော ဗေဒင်ဆရာအရုပ်ကလေးအား ပြန်၍ယူကာ ဖျက်ပစ်လိုက်၏။ ဗေဒင်ဆရာ အရုပ်ကလေးသည် များစွာ အားမစိုက်ရဘဲ ကျွန်ုပ်၏ လက်တွင်း၌ထည့်၍ ချေလိုက်ရုံဖြင့် ပျက်၍သွားပြန်၏။ ယခင်ကကဲ့သို့ ကျောက်ဆုံတွင် ထည့်၍ထောင်းစရာမလိုပဲ လက်ဖြင့်ချေလိုက်ရုံဖြင့် မြေမှုန့်များဖြစ်၍ သွားပြန်၏။ ထိုအရုပ်ကလေးမှာ အမှောင့်ပယောဂများ ကင်းစင်နေပြီဖြစ်သောကြောင့် ပရိတ်ရေများကို မသုံးတော့ဘဲ ယခုခေတ် ပေါ်နေသော ရေသန့်ဖြင့်ပင် အလွယ်တကူနှဲလိုက်ရပါသည်။ ခက်ခက်ခဲခဲမပြုရဘဲ အရုပ်သစ်ထုရန်အတွက် လွန်စွာကောင်းသော ရွှံ့စေးအနေအထားကို ရောက်ရှိသွားပါသည်။
ထိုအခါ၌ ကျွန်ုပ်သည် ထိုရွှံ့အား အရုပြန်၍ထုခဲ့ပါသည်။ ကျွန်ုပ်ထုလုပ်သော အရုပ်မှာ ဗေဒင်ဆရာက အရုပ်မဟုတ်တော့ပေ။ စာရေးဆရာအရုပ်ကလေးတစ်ခုဖြစ် ပါသည်။ ထိုအရုပ်ကလေးပြီးသွားသောအခါ နေပြ၍ ဆေးခြယ်ရ၏။ ပြီးလျှင် အဖြူရောင် ပိတ်စ၊ နီညိုရောင် ပိတ်စကလေးများ ရှာကာ အကျအင်္ကျီ အဝတ်အစားများ ချုပ်လုပ် ထိုအရုပ်ကလေး၌ ဆင်မြန်းပေးလိုက်ပါ၏။ အလုံးစုံပြီးသောအခါ၌ ထိုအရုပ်ကလေးအား အမည်ပေးရန် ရှိလာပါတော့သည်။ သို့ရာတွင် ''မူလဓာတ်ဟောင်း မဖျက်ကောင်း''ဟူသော ရှေးလူကြီးစကားကို လိုက်နာသောအားဖြင့် အမည်သစ် မှည့်ခေါ်ခြင်း မပြုတော့ဘဲ ၄င်း၏အမည်ဟောင်း 'ဇင်ယော်နီ'ကို အသုံးပြုကာ 'စာရေးဆရာ ဇင်ယော်နီ'ဟုပင် မှည့်ခေါ်ခဲ့ပါသည်။
ထိုအရုပ်ကလေးကို ကျွန်ုပ်၏ခြံ၌ပင်ထား၍ အစာရေစာကောင်းစွာ ကျွေး၏။ ကျွန်ုပ်အနေနှင့် အပတ်စဉ် ဦးစီးထုတ်ဝေသော မနောမယ ဂျာနယ်မှအစ ကျွန်ုပ်တာဝန်ယူထားသော လစဉ်ထုတ် မဂ္ဂဇင်းများ၌လည်း ၄င်းနေ့စဉ်လုပ်ရသော ဗေဒင်လုပ်ငန်းများ၌ ရံဖန်ရံခါ အသုံးပြုရပါသည်။ ထိုစာရေးဆရာ အရုပ်ကလေးအား ကျွန်ုပ်က စာရေးရန် တိုက်တွန်းခဲ့၏။ ထို့ကြောင့် သူသည် စာရေး၏။ သို့ရာတွင် သူ၏ဘဝဟောင်းက ဗေဒင်အလုပ်သည် အခဲမကျေဘဲ စွဲ၍ နေသောကြောင့် ရေးသမျှစာတို့သည် ဗေဒင်သံပေါက်နေ၏။
သူသည် ''ရွှေနန်းတော်သို့ သွားရအောင်''ဟူသော စာအုပ်တစ်အုပ်ကို ရေးဖြစ်ခဲ့၏။ ထိုစာအုပ်မှာလည်း ဗေဒင်ပညာနှင့် ပတ်သက်၏။ ထို့နောက် တဖန် စာအုပ်တစ်အုပ် ရေးပြန်၏။ ထိုစာအုပ်၏အမည်မှာ 'လွယ်လိုက်တဲ့ဖြစ်ခြင်း''ဟူ၍ ဖြစ်၏။ ထိုစာအုပ်မှာလည်း ယတြာချေပုံချေနည်းများကို ရေးထား၏။ ကျွန်ုပ်သည် ၄င်းရေးသော 'လွယ်လိုက်တဲ့ဖြစ်ခြင်း'ကိုဖတ်၍ ပြုံးမိ၏။ ပီတိဖြစ်မိ၏။ ကျေနပ်မိ၏။ တစ်စုံတစ်ယောက်က ''ဒီစာအုပ်ကိုဖတ်ပြီး အပြစ်ပြောစမ်းပါ . .''ဟု ကျွန်ုပ်ကိုခိုင်းလျှင် ကျွန်ုပ်အနေနှင့် အပြစ် မပြောနိုင်တော့ပါ . .။ အဘယ်ကြောင့်ဆိုသော် စာရေးဆရာဇင်ယော်နီာ်နီဆိုသော အရာမှာ ကျွန်ုပ်ကိုယ်တိုင် ဖျက်၍ ပြန်ပြီးလုပ်ထားသည့် အရုပ်ကလေးတစ်ရုပ် မဟုတ်ပါလား။ ''အကယ်၍ သူလုပ်တာကို မကောင်းဘူးလို့ ပြောရင် သူ့ကိုစာရေးဆရာအရုပ်ဖြစ်အောင်လုပ်ခဲ့တဲ့ အရုပ်လုပ်သမား ကျွန်ုပ်မှာလည်း အပြစ်တွေရှိနေမှာပေါ့ . .။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်ုပ်ကတော့ 'ကောင်းတယ် . .၊ကြိုက်တယ် . .'လို့ပဲ မျက်စိမှိတ်ပြီးထောက်ခံရမှာပါပဲ . .''
| < Prev | Next > |
|---|