Monday, September 06, 2010
   
Text Size

Site Search powered by Ajax

မဟူရာမေတ္တာ နိုင်ဝင်းဆွေ

Literature - Vol2 No.95

User Rating: / 0
PoorBest 
စိတ်ပျက်ငြီးငွေ့ဖွယ် ကောင်းသော ဤဆောင်းရက်များသည် တရွေ့ရွေ့ ကုန်ဆုံးနေ၏။ ဤရက်များ အတွင်း ကျုပ်ကို 'ဘုရင်မင်းမြတ်အား မလေးမစားပြုမူ'ဖြင့် အကျဉ်းထောင်သို့ ပို့လိုက်လေသည်။ သေဒဏ် မပေးခြင်းမှာပင် တော်လှလေပြီ ဟူ၍သာ အောက်မေ့ ရလေသည်။ သို့ဖြင့် မရေတွက်မိသော ရက်ပေါင်းများစွာသည် မြေတိုက် အကျဉ်းထောင်၌ပင် ကုန်ခန်း သွားနေကြသည်။ ထို့နောက် ကျုပ်အား အကျဉ်းထောင်မှ ပြန်လွှတ်လိုက်၏။ သို့သော် ကျုပ်သည် တပ်ဗိုလ်ကလေး သူ့မဟုတ်တော့ပြီ။ တပ်မှူး အဖြစ်ဖြင့်သာ အမှုတော်များ ထမ်းရွက်နေရသော်လည်း စံနန်းတော်၌ တာဝန်ချထားခြင် မပြုတော့ပြီ။ တပ်ဗိုလ်၏ အဆောင်မှ ဆင်းသက် ပေးရလေသည်။

ထိုအချိန်များအတွင်း၌ ရဟန်းသူတော်စင်အား စံနန်းတော်၊နန်းတော် မည်သည့် နေရာသို့မဆို တံခါးမရှိ၊ ဓားမရှိ ဝင်ရောက်ခွင့်အမိန့်တော် ထုတ်ဆင့်ထားလိုက်လေသည်။ ထိုရက်များအတွင်း၌ပင် ရဟန်းသည် ဂါထာမန္တာန်တို့ဖြင့် နန်းတော်ဝင်းကြီးအား စီရင်တော်မူမည်ဟု သတင်းဖြစ်ပွားလျက်ရှိ၏။ မြို့တော်ကြီးတစ်ခုလုံး၌ မည်သည့်နေရာတွင် မဆို ရဟန်းအကြောင်း ပြောဆိုမဆုံးရှိနေကြလေသည်။

တစ်ချိန်တွင်မူ ကျုပ်အား စံနန်းတော်ဝင်းစောင့်အဖြစ် တာဝန်ပြန်၍ ချမှတ်ပေးလေသည်။ နေ့တစ်နေ့၌ ကျုပ်စံနန်းတော်ဝင်းစောင့် အဖြစ် တာဝန်ယူဆောင်ရွက်နေစဉ် ရဟန်းကြွလာသည်။ ထိုနေ့က စိတ်မချမ်းသာဖွယ် အကောင်းဆုံးမှာ အရှင်မင်းမြတ် (ဘုရင်မ)သည် စံနန်းတော် လှေကားမှ ဆင်းသက်၍ ဆံပင်ဖြန့်ခင်းပေးလျက် ရဟန်းအား ဆံပင်ပေါ်မှ နင်းလျှောက်စေရန် ပူဇော်သက္ကာရပြုခြင်းဖြစ်လေသည်။ ရဟန်းသည် လက်ကာ၍ ငြင်းပယ်ခဲ့၏။ဘုရင်မသည် ရဟန်းအပေါ်၌ ထိုမျှအထိ တရားမရှိ၊ ဓားမရှိကြည်ညိုလွန်းနေခြင်းကား စိတ်ချမ်းသာဖွယ်ရာမရှိတော့ပေ။ ထိုနေ့က ကျုပ်သည် နေကုန်အောင် အစောင့်တာဝန် မယူနိုင်ဘဲ ပြန်လာခဲ့ရလေသည်။

သို့သော် အလားတူကိစ္စ အပေါင်းမှာ နောင်တွင်လည်း ဖြစ်ပွားနေခဲ့လေသည်။ ရဟန်းသည် နဝရတ် လက်စွပ်တော်အား ဆေးစီရင်ရန် နက္ခတ်တာရာတို့၏ အချိန်ကာလကို စောင့်ဆိုင်းနေပြီ ဟူသော သတင်းသည် ဖြစ်ပွားလျက်ရှိ၏။

ဤသို့ဖြင့် သစ်ရွက်ဟောင်းများ ကြွေသော နွေဦးပင် ဆိုက်ရောက်လာခဲ့လေသည်။ နေရာတကာ၌ နုသစ်သော ပုရစ်ဖူးကလေးများ ဝေနေလျက် အရာရာသည် စိုပြေ လန်းဆန်းနေကြသည်။ သို့သော် ကျုပ်အတွက်မူ စိတ်ပျက် ငြီးငွေ့ဖွယ်ရာချည်း ဖြစ်နေသည်။

ထို့နောက်တွက် ရက်ပေါင်းမကြာမီအတွင်း၌ အခြေအနေမှာ တစ်မျိုး တစ်ပုံပြောင်းလဲလာလေသည်။ ရဟန်းသည် တစ်ဖြည်းဖြည်း စံနန်းတော်သို့ အလာကျဲသွားသည်။

ဘုရင်မကြီးအား ညီလာတော်ခံသို့ တက်ရောက်သည် ကိုလည်း မတွေ့ရတော့။ စံနန်းတော်ဝင်းထဲသို့ပင် ဆင်းသက်လာသည်ကိုမတွေ့ရတော့။ ဘုရင်မ ညီလာ တော်ခံ မတက်ရောက်တော့သည့်ရက်များကို ကျုပ် သည် မှတ်သားနေ၏။ အရက်နှစ်ဆယ်ကျော်ပြီး နှစ်ဆယ့်ငါးရက်ရှိပြီနှင့် နေ့စဉ်ရေတွက်နေ၏။ လူများ သည် အခြေအနေကို တိုးတိုးတိတ်တိတ်ကျိတ်၍ မေးမြန်းထင်ချက်ပေးကြ၏။ သို့သော် မည်သူမျှ မသိနိုင်ကြ။ လူတိုင်းသည် ခေါင်းခါလျက်ရှိနေကြ၏။ လူတိုင်း၏မျက်နှာမှာ ညှိုးနွမ်းလျက်ရှိနေကြလေပြီ။ သို့ဖြင့် ထိုရက်များကား တစ်လပင်ပြည့်မြောက်ခဲ့လေပြီ၊ ရဟန်းကြွမလာသည်ပင် ကြာလေပြီ။

စံနန်းတော်ကြီးသည် အစဉ်အမြဲတိတ်ဆိတ် ငြိမ်သက်နေ၏။ အပျိုတော်၊ အထိန်းတော်၊ ရံရွေ တော်၊ အလုပ်အကျွေးတို့၏ အသံများကိုပင် မကြားရ။ သူတို့၏ လှုပ်ရှားမှုကိုပင် မမြင်ရ။ ညနေချမ်း၌ ပန်းဥယျာဉ်ပြုစုသော အလုပ်အကျွေး တို့ကိုပင် မမြင်ရတော့ပေ။ ပန်းဥယျာဉ်ကိုပင် ပစ်ပယ်ထားကြ၏။ ပန်းပင်များသည် ခြောက် သရောင်းကုန်ကြ၏။ လမ်းဘေးရှိပတ္တမြားပန်း များသည်လည်း မဖူးပွင့်ကြတော့ပြီ။

မည်သို့ဖြစ်ပျက်နေပြီနည်း။

ဗြဲတိုက်တော်ရှေ့မှ ကွေ့သွားရသောလမ်းမှာ မှောင်ပျပျဖြစ်နေသည်။ လရောင်ကို သစ်ပင်များ အုပ်ဆိုင်း၍ ကွယ်ထားသဖြင့် လမ်းပေါ်၌ မဲမဲချိတ်ချိတ် သစ်ရိပ်များဖြတ်ကျနေလျက် လမ်းကြားတစ်လျှောက် တိုက်ခတ်လာသည့် လေမှာ သစ်ပင်များကို တိုးဝှေ့ရသဖြင့် အေးမြနေ၏။ လမ်းဘေး ခြံကျယ်ကြီးများထဲ၌ ကိုယ်ပိုင်ဥယျာဉ်ငယ် ကလေးများ ပျိုးထားကြ၏။ ကျုပ်သည် ခြံတစ်ခြံရှေ့တွင် ရပ်တန့်လိုက်၏ စိတ်ထဲတွင်မူ သမားတော်ကြီး ဇီဝ၏ အိမ်ဟုတ်မဟုတ် မရေမရာဖြစ်နေသည်။ သမားတော်ကြီး ဇီဝ၏ အိမ်ကို ကျုပ်သည် နေ့ခင်းနေ့လည်၌ တစ်ခေါက်မျှသာ ရောက်ခဲ့ဘူးလေသည်။

ညနေက စံနန်းတော်ဝင်းစောင့် အဖြစ် တာဝန်ကျနေစဉ်တွင် သမားတော်ကြီး ဇီဝသည် ရေးကြီးသုတ်ပျာနှင့် စံနန်းတော်သို့ သွားပြီး ခဏနေသောအခါ ဦးခေါင်းငိုက်စိုက် ကျလျက်စံနန်းတော်မှ ဆင်းသက်လာခဲ့၏။ ဆရာကြီး၏ မျက်နှာပေါ်၌ ဝမ်းနည်းခြင်း၊ စိတ်ပျက်အားငယ်ခြင်း။ ယူကျုံးမရခြင်း၊ ဒေါမနဿဒေါသ ဖြစ်ခြင်းများ ပေါ်လွင်နေ၏။ ထိုအတိုင်းပင် ဆရာကြီးသည် ခြေလှမ်းနှေးကန်စွာဖြင့် စံနန်းတော်မှ ထွက်ခွာသွားခဲ့သည်။

ဤခြံသည် ဆရာကြီး၏ ခြံဖြစ်သည်ဟု ကျုပ်သည် အသေအချာ မှတ်မိလိုက်လေသည်။ ထိုအချိန်တွင် ခြံစောင့်သည် မှောင်မိုက်ထဲမှ ထွက်လာသည်။ ကျုပ်သည် သူ့အားဝင်ရောက် ခွင့်ပြုရန် တောင်းပန်တိုးလျှိုးလိုက်လေသည်။ သို့သော် သူသည် သမားတော်ကြီးက ဝင်ခွင့်ပြုမည် မဟုတ်ဟု ပြောနေသည်။

''ဆရာကြီးက ဘယ်ဝေဒနာရှင်ကိုမှ ဝင်ခွင့်မပြုရဘူးလို့အမိန့်ထုတ်ဆင့်ထားပါတယ်'' ဟု သူသည်ပြောနေ၏။ သူ့အားကျုပ်သည် မရအရတောင်းပန်လျက်အလွန်အရေးကြီး သောကိစ္စကြောင့် သျှီဝမြို့စားလေးက ဝင်ခွင့်ပြုပါရန် တောင်းပန်ကြောင်း ဆရာကြီးထံ ပြောခိုင်းရလေသည်။

သမားတော်ကြီးဇီဝသည် ကျုပ်အပေါ်၌ တူကလေး သားကလေးကဲ့သို့ ချစ်ခင်ရင်းစွဲရှိ၏။ မကြာမီ ခြံစောင့်ပြန်လာပြီး ခြံတံခါးဖွင့်ပေးလိုက်လေသည်။ ခြံစောင့်သည် အိမ်ပေါ်အတက်အထိ ကျုပ်အားလိုက်ပို့သည်။ အိမ်တစ်ခုလုံး ခြံတစ်ခုလုံးမှာ တိတ်ဆိတ် ငြိမ်သက်နေ၏။ ဖယောင်းမီးရောင်ငယ်များသည် လှေကားခုံပေါ်၌ မလင်းမရှင်းကျနေသည်။ အိမ်ရှေ့လာသာဆောင်တွင်မူ ကြည်မြသော လရောင်ခြည်များဖြာကျနေသည်။

ကျုပ်သည် အသံမပြုဘဲ လသာဆောင်၌ လျှောက်သွားနေသည်။ ခြေသံ ထွက်သွားမည်ကိုပင် အားနာစိုးရိမ်ရမည့် အတိုင်း တိတ်ဆိတ်လျက် ရှိနေသည်။ အားလုံးမြင်ရသမျှ တို့သည် မလှုပ်ရှားသော အရာများချည်း ဖြစ်နေသည်။ ကျုပ်သည် နူးညံ့သော မြက်ဖျာ၏ တစ်ဖက်စွန်းတွင် ညင်သာစွာဝင်၍ ထိုင်လိုက် လေသည်။ ကျုပ်ထိုင်နေပြီး အချိန်အကြာကြီးကြာမှ ဆရာကြီးသည် ခေါင်းကိုဖြည်းလည်းစွာ မော့ကာကျုပ်အားပြုံးပြနှုတ်ဆက်ပေသည်။ ဆရာကြီး၏ မွဲသီနေသော မျက်လုံးလေးများမှာ မူ မလှုပ်မယှက်ငြိမ်သက်နေသည်။ ဆရာကြီး၏ မျက်နှာပေါ်တွင် စိတ်ပျက်မှုစိတ်အား လျှော့မှု၊ သောကဖြစ်မှု၊ ဒေါသ၊ ဒေါမနဿများရောထွေးနေလျှက်ပင်။ ဖြူဆွတ်နေသော ဆံပင်များသည် ပွရောင်းနေ၏။ စိတ်မချမ်းသာသောကြောင့် ဇရာအရေးအကြောင်းများမှာ ပို၍နက်စွာ ထင်နေသည်။ အကြောပြိုင်းပြိုင်း ထနေသော လက်ကြီးကို ငွေကွမ်းအစ်ပေါ်၌ အသက်ကင်းမဲ့နေသကဲ့သို့ မလှုပ်မယှက်တင်ထားသည်။

ဤသို့ဖြင့်စကားတစ်လုံးမျှမပြောဘဲ ငြိမ်သက်နေကြလေသည်။ အချိန်ကြာကောင်း ကြာကာမှ ''ပြောပါအုံး သျှီဝမြို့စားလေ အရေးကြီးတဲ့ကိစ္စဆိုတာ ဘာများတုန်းပြောစမ်းပါအုံး'' ဆရာကြီးက ဖြည်းလေးစွာမေးလေသည်။

ကျုပ်သည်လည်း ဆရာကြီးကို ငေးကြည့်နေရင်း စိတ်ပျက်အားလျှော့ နေမိလေသည်။ ဆရာကြီးကိုမေးရန် စကားများပင် အစရှာမရအောင် ဖြစ်နေသည်။

သို့ဖြင့် အတန်ကြာမှ ''ကျွန်တော့်ကို နောက်ဆုံးအကျဉ်းထောင်ပို့လိုက်တာ ဖခင်သိတော်မူပါတယ် မဟုတ်လား။ ကျွန်တော်ဖြင့် ရဟန်းကို တစိုးတစိကလေးမှ အယုံအကြည်မရှိဘူး။ သူကရဟန်းယောင်၊ ရှင်တုရှင်ယောင်၊ လူလိမ် သူလိမ်နေတယ်ဆို တာ ကျွန်တော် နားလည်နိုင်ပါတယ် ဖခင်။ အခု စံနန်းတော်ထဲမှာ ဘာများဖြစ်နေသလဲ၊ ဘုရင်မကြီး တစ်ခုခုဖြစ်နေတယ် မဟုတ်လား'' ဟု ကျုပ်က တိုက်ရိုက်မေးချလိုက်လေသည်။

''အို တိုးတိုးပြောလကွဲ့ အခုအချိန်မယ် ကျွန်ုပ်အိမ်ထဲ လာရင်တောင် ရာဇဝတ်တော် သင့်တော့မယ် အခြေအနေမျိုး။ အခုအခါမယ် ရဟန်းကို ရှင်တုရှင်ယောင်လို့ ပြောရဲတဲ့ ပါးစပ်ရှိရင် လျှာအဖြတ်ခံရတော့မယ့် အခြေအနေမျိုးဆိုတာ လူကလေး မသိသေးဘူး ထင်တယ်။ ရဟန်းကို ဒီလို ပြောလိုက်တာဟာ ရာဇဝတ်ဘေးပေဘဲကွဲ့။ မြို့စားလေးဟာ ကျောက်မောင်းပိတုန်းက တစ်ခါထဲ သေသွားဖို့ ကောင်းတာလို့ ကျုပ်ပြောခဲ့ပေတယ်။ အခုလဲ ရဟန်းအကြောင်း အော်ကျယ်ဟစ်ကျယ်ပြောရင် ကျောက်မောင်း ပိကျခဲ့တုန်းကထက် ဆိုးတော့မယ်။ အခုကျွန်ုပ်ကို သမားတော်ကြီး ရာထူးနဲ့ မသင့်လျော်ပေဘူးတဲ့။ ဇီဝကကို အားကျပြီးဇီဝလို့ မှည့်ထားတဲ့ ကျွန်ုပ်နာမည်ဟာ ရေအလျဉ်နောက် မျောပါခဲ့ပါပကော မြို့စားလေးရေ။ ရန်ပယ်ရေအလျဉ်ထက် ပိုမိုကြီးမားတဲ့ ရေအလျဉ်နောက်''

သူ့စကားသံမှာ ဒေါသဖြင့် ရောပြွမ်းနေသည်ဟူ၍ ထင်မှတ်ရသော်လည်း တိုးတိုး သက်သက်ဖြင့် လသာဆောင်၌ ပျောက်ကွယ်သွားမတတ်ဖြစ်နေပြီး စကားစသည်နှင့် ခဏမျှရပ်တန့်သွား၏။ စိတ်မကောင်းမှုများ ရောထွေးနေသော ဝမ်းနည်းကြေကွဲစရာ ဖြစ်နေလေသည်။ ထိုအချိန်၌ လရောင်သည် ပို၍လင်းလာပြီး ဥယျာဉ်များကြားမှ ဖြတ်တိုက်လာသည့်လေမှာ ပို၍အေးမြလာသည်။

''ကျွန်ုပ်ကို ဘာပြုလို့ရာထူးက ဖြုတ်ပစ်လိုက်ရသလဲ မြို့စားလေးသိနိုင်ရဲ့လား။ ကျွန်ုပ် မတော်လို့ မတတ်လို့ပေါ့ကွယ်။ အဲ အဲဒီစကားဟာ ပြက်လုံး မဟုတ်ပေဘူး။ မြို့စားလေးရေ၊ အမှန်ပြောရရင် ဘုရင်မရဲ့ဝေဒနာကို ကျွန်ုပ်မသိဘူး၊ မတွေ့ဖူးဘူး၊ မမြင်ဖူးဘူး၊ မကြားဖူးဘူး၊ မကြုံဖူးဘူး။ ဒါပေမယ့် အရှင်ရဲ့ရောဂါဟာ ဘာရောဂါမှန်း ကျွန်ုပ်မသိပါဘူး၊ သို့ပေမယ့် ကြိုးစားကုသခွင့်ပြုတော်မူပါလို့ မှန်တဲ့အတိုင်းလျှောက်ထားတယ် မြို့စားလေး။ မှန်တဲ့အတိုင်း လျှောက်တင်တာဟာ ညံ့လို့ပေါ့ကွယ်။ တော်တဲ့လူဆိုရင် ဘဇာရောဂါနဲ့ ယှဉ်ပြီး ဖြစ်တာပါလို့ ကြံဖန်လျှောက်ထားမှာပေါ့။ ဒီတော့ ဘုရင်မက ကျွန်ုပ်ကိုရာထူးက ဖြုတ်လိုက်ပြီလို့ အမိန့်ထုတ်ဆင့်လိုက်တယ်။ အိုကျွန်ုပ်တစ်ဦးတည်း မဟုတ်ပေဘူး မြို့စားလေးရဲ့။ ပန်ထွာနိုင်ငံတော် အတွင်း အဘယ်သူမျှ ဆေးလွယ်အိတ် မကိုင်စေရလို့ မနက်ဖန်ညီလာတော်ခံကို အမိန့်ထုတ် ဆင့်ခိုင်းလိမ့်မယ်။ ဘုရင်မက သူ့ရောဂါကို အယုဒ္ဓယ ရဟန်းရဲ့ အင်းအိုင်ခလှဲ့အတတ်နဲ့ ကုသမှသာ ပျောက်ကင်းမယ်လို့ ယုံကြည်တော် မူနေတယ်။ ကျွန်ုပ်စိတ်မကောင်းနိုင်တာက ကြိုးစား ကုသခွင့်ကလေးတောင် မရတော့လို့။ မင်းလဲ မတတ်နိုင်ပါဘူးလူကလေး''

''ရောဂါလက္ခဏာကိုတော့ ဆရာကြီးသေသေချာချာမှတ်မိမှာပေါ့''

''အို မှတ်မိပေတာပေါ့။ ကျုပ်ဟာ အတုမဲ့တဲ့ ဆေးဆရာကြီးဘဲ၊ ရောဂါရဲ့လက္ခဏာ သာမကဘူး ဘုရင်မကြီး ဘယ်ရက် ဘယ်အချိန်မှာ နတ်ရွာစံတော်မူမယ် ဆိုတာပါ အသေအချာသိတယ်။ နောက် ဆယ့်ငါးရက် နောက်ဆယ့်ငါးရက်၊ ဆယ့်ငါးရက်ဆိုတာ ဘာမှကြာလိုက်တာမဟုတ်ဖူး။ နောက်ဆယ့်ငါးရက်ဆိုရင် ကျွန်ုပ်တို့ နိုင်ငံတော်ကြီးဟာ မင်းမဲ့နေပြည်တော်ဖြစ်တော့မယ်။ အမိမဲ့သားများ ဖြစ်ကြတော့မယ်။ ကျွန်ုပ် ကုသခွင့်ကလေး လိုချင်ပေတယ် မြို့စားလေးရယ်။ ရလိုရငြား ကြိုးစားချင်ပါတယ်။ ဒါပေမယ့် ဘာရောဂါမှန်း ကျွန်ုပ်မသိဘူး။ ဘယ်နည်းဘယ်ပုံနဲ့ ကုသရမှန်းမသိဘူး။ ကျွန်ုပ်လောက်တော်တဲ့ သမားတော်ကြီးတစ်ဦး တွေးမရနိုင်တဲ့ ဝေဒနာဘဲ''

အရာရာအပေါ်သို့ အမှောင်တိုက်ကြီး တစ်ခု ဖြတ်သန်းသွားသည်ထက် အဆအရာ ပို၍ဆိုးရွား၏။ 'ဆယ့်ငါးရက်' ဆိုသော စကားသံသည် ကျုပ်၏ နားထဲ၌ အဖန်ဖန်အလဲလဲ ပေါ်ပေါက်နေသည်။ အရှင်သည် နတ်ရွာစံရတော့မည်၊ ဆေးကုသသူမရှိဘဲ နတ်ရွာစံ ရတော့မည်။ ရှင်ယောင်၏ လိမ်ညာသော အင်းအိုင်ခလှဲ့တို့ကို ကိုးစားရင်း နတ်ရွာစံရတော့မည်။ ခုအချိန်တွင် စက်ရာထဲ၌ လဲလျောင်းတော်မူရင်း တညည်းညည်း တညူညူဖြင့် ဝေဒနာကို ခံစားနေရရှာတော့မည်။

ပြည့်ခြင်းမင်္ဂလာကို သီဆိုတီးခဲ့သည်မှစ၍ အကြောင်းအရာပေါင်းစုံကို ကျုပ်သည် ထိုအချိန်၌ တဖျတ်ဖျတ်သတိရနေ၏။ ဒုတိယအကြိမ် ဗိဿနိုးသို့ရောက်ခြင်း၊ သမာနနှင့် တိုက်ပွဲ၊ ဆုတော်တောင်းခြင်း၊ ပျဉ်ချပ်ကို ဖွင့်ဟခြင်း၊ သစ္စာဖောက်မှုနှင့် ပြစ်ဒဏ် စီရင်မှုခံရခြင်း၊ သူသတ်ကုန်း၊ အတုလစည်းတော်ဆောင်၌ ခစားခြင်း၊ နဝရတ်လက်ဝတ် ရတနာတူးဖော်ခြင်း။ ထိုအ ကြောင်းအရာ အားလုံး သည် စိတ်ထဲ၌ရှုတ်ထွေး နေ၏။ ယခုအရှင်ကား နတ်ရွာစံတော့မည်ဟူသည့် အသိသည် ဝမ်းနည်းစဖွယ် ဝင်ရောက်နေ၏။

''အယုဒ္ဓယ အရှင်ကရော ကုနိုင်မှာတဲ့လား''ဟု မေးလိုက်မိသော ကျွန်ုပ်၏စကား သံသည် မိမိကို မိမိပြန်မေးနေခြင်းဖြစ်လေသည်။ ထို့နောက် မိမိစိတ်များက ဝမ်းနည်းဖွယ်ရာ အဖြေကို ပြန်၍ပေးပြီးသားဖြစ်နေသည်။

''မြို့စားရဲ့အမေးကို မြို့စားပြန်ဖြေမှ အမြန်ဆုံးဖြစ်မှာဘဲ၊ သျှီဝမြို့စားလေး အော် သျှီဝမြို့စားလေး မောင့်အကြောင်းကျွန်ုပ်သိနိုင်ပါတယ်၊ မောင့်စိတ်နှလုံးမယ် ဘယ်လိုဖြစ်နေတယ်ဆိုတာ ကျွန်ုပ်သိပေတယ်''

''ဆရာကြီးအမိန့်ရှိပါအုံး''

''မထူးပါဘူး မြို့စားလေးရေ၊ အရှင်နတ်ရွာစံတော်မူပြီလို့သာ မှတ်သားထားပေတော့၊ အဲဒီလိုစိတ်ချ ယုံကြည်ထားလိုက်ရင် စိတ်ထဲမယ် ကြည်လင်သွားနိုင်တယ်၊ အရှင်ဟာ သူ့ကိုယ်သူ သတ်ပြီး နတ်ရွာစံတော်မူဘယ်လို့သာ မှတ်သားထားပေတော့။ ဘာပြုလို့လဲ ဆိုတော့ ရဟန်းကလွဲရင် ဘယ်သူ့ အကုမှမခံဘူး။ ရဟန်းကလဲ ကုနိုင်ရင် ကုပြီးတာ ကြာဘီပေါ့။ နက္ခတ်နဲ့ မကိုက်ညီသေးလို့ ဘာပြုနေသေးလို့နဲ့ ဘာကြောင့် အချိန်ဆွဲနေရလဲ။ သေမဲ့ဆဲဆဲ ဝေဒနာရှင်က နက္ခတ်နဲ့ ကိုက်ညီတဲ့အထိ စောင့်နေရမှာပေါ့''

ကျုပ်သည် စိတ်နှလုံးမငြိမ်မသက်ဖြင့် နားထောင်နေရင်း ရုတ်တရက် မျှော်လင့်ချက် တစ်ခုကို လက်ကနဲ သတိရသွား၏။ ဖျာပေါ်ထောက်ထားသော လက်များမှာ ထိုအချိန်တွင် တဆတ်ဆတ် တုန်လှုပ်နေ၏။ ''ရောဂါလက္ခဏာကို ကျွန်တော့်ကို မိန့်မြွက်တော်မူပါ'' ဟု ရုတ်တရက် ကြားဖြတ်ပြောလိုက်သော ကျုပ်၏အသံမှာ တုန်ယင်နေလေသည်။ ဆရာကြီးသည် ကျုပ်၏မျက်နှာကို လရောင်အောက်တွင် စူးစိုက်၍ ကြည့်နေသည်။ ဆရာကြီး၏ လက်တစ်ဖက်ကို လှမ်း၍ဆုပ်ကိုင်လိုက်မိသည်။

''ကျွန်ုပ်ဟာ ပန်ထွာနိုင်ငံတော်မှာ အတော်ဆုံး အထက်ဆုံးသမားတော်ကြီးဘဲမောင်။ ကျွန်ုပ်ရှာမတွေ့နိုင်တဲ့ ရောဂါကို ဘယ်သူရှာတွေ့နိုင်ပါမလဲ။ ရှာတွေ့အုံး၊ ရဟန်းကလွဲရင် ဘယ်သူမှ ကုသခွင့်ရှိမှာမဟုတ်ဘူး။ ဒါပေမယ့် ကျွန်ုပ်ဟာ သျှီဝမြို့စားကလေး အကြောင်း အနီးကပ်ဆုံးသိပေတယ်။ မောင်ဘယ်လို ကြိုးစားချင်ရှာမယ်ဆိုတာ သိပေတယ်။ ကဲကြိုး စားပေတော့။ သဘောကျနှစ်ခြိုက်သလိုသာ အသုံးပြုပေတော့ လူကလေးရေ၊ ကျွန်ုပ်ရဲ့သား သျှီဝမြို့စားလေးဟာ မရှိသောအရာကို ရအောင် ရှာဖွေနိုင်ပါလိမ့်မယ်''

ထို့နောက် ဆရာကြီးသည် အမှောင်ရိပ်ထဲတွင် တုန်ယင်နေသာလက်များဖြင့် ငွေကွမ်းအစ်ကြီးကို ဖြည်းညှင်းစွာ ဖွင့်နေသည်။

''ရောဂါလက္ခဏာများကို ကျွန်ုပ်အသေးစိတ်မှတ်သားခဲ့ပေတယ်''ဟု ရေရွတ်ပြီး နောက် လရောင်အောက်တွင် ပေရွက်ချပ်ကလေးတစ်ခုကို လှမ်းပေးလိုက်လေသည်။ ကျုပ်သည် အလျင်လိုစွာ ထရပ်လိုက်၏။ အားလုံးမှာ အချိန်လု၍လုပ်ရလိမ့်မည်။ ယခုချက်ခြင်း ကျုပ်၏အဆောင်ခန်းသို့ ရောက်ရှိအောင်ပြန်ပြေးသွားရမည်။ ဖယောင်းဆီဖြင့် ဆေးကျမ်းကြီးနှင့် ပေရွက်ငယ်ကို တိုက်ကြည့်မည်။ ဖခင်ကိုးကွယ်သော ဆရာကြီး၏ ဆေးကျမ်းကြီး၌ မပါသော ရောဂါသည် ရှိမည်မဟုတ်ပေ။ နောက်နေ့၌ ကျုပ်သည် ဆေးဝါးကုသနိုင်လိမ့်မည်။ ကျုပ်၏ အသားများမှာ တဆတ်ဆတ် တုန်ယင်နေသည်။ ''သွားပေအုံးတော့ သျှီဝမြို့စားလေးရေ''ဟု ဆရာကြီး၏ နှုတ်ခွန်းဆက်သသံမှာလည်း တုန်ယင်နေသည်။

ဖယောင်းမီးရောင်သည် တဖြည်းဖြည်းအားနည်းသွားပြီးနောက် ငြိမ်းသွားတော့မည့်အတိုင်း ဖြစ်နေလေပြီ။ အလုံပိတ်ထားသော အဆောင်ခန်းထဲ၌ မိမိ၏အသက်ပြင်းစွာ ရှူရှိုက်သံကိုသာ မိမိပြန်ကြားနေသည်။ ထိုအသက်ရှူသံသည် ဖိုထိုးသကဲ့သို့ လှိုက်နေလျှက် အဆောင်ခန်းတစ်ခုလုံးကို လွှမ်းမိုးထားသည်။ ညောင်စောင်းပေါ်တွင် စောင်ခေါင်းအုံးတို့သည် ဖယိုဖရဲလွင့်ကျဲနေလျှက် ညောင်စောင်း၏ခေါင်းရင်း၌ စောင်းသည် လည်းကြိုးများပြတ်နေလျှက် ကျုပ်ကိုင်နေကျဓားသည် ခြေရင်းဘက်၌လဲကျနေ၏။ တပ်ဗိုလ် အဆောင်အယောင် အဝတ်အစားအားလုံးမှာ ညောင်စောင်း အောက်၌ ပုံကျနေတော့သည်။ အရာရာသည် အဆောင်ခန်းထဲ၌ ကစင့်ကလျားရှုတ်ထွေးနေ၏။ ထို့နောက် အရာရာတို့ကို မမြင်နိုင်လောက်အောင် ကျုပ်သည် မူးယစ်ဝေလာနေသည်။'

ကျုပ်သည် ညောင်စောင်းထက်တွင် မှီအုံးကိုမှီထားလိုက်၏။ မျက်စိကို တခဏမျှမှိတ်ထား လိုက်၏။ ညောင်စောင်းအောက်၌ အထပ်ထပ်အပြန်ပြန် အခေါက်ပေါင်း မရေတွက်နိုင်အောင် ကြည့်ရှုပြီးဖြစ်သော ဆေးကျမ်းကြေးပုရပိုက်ကြီးမှာ ပစ်စလက်ခတ်လဲကျနေ၏။ ကျုပ်၏လက်ထဲ၌ ရောဂါလက္ခဏာရေးမှတ်ထားသည့် ပေရွက်ငယ်ကို ခပ်လျော့လျော့ကိုင်ထားသည်။

''ငါးရက်ပဲကျန်တော့တယ်၊ ငါးရက် ငါးရက်၊ ဘုရင်မနတ်ရွာစံဖို့ ငါးရက်ပဲလိုတော့တယ်။ ဘုရင်မကြီးကို ဘယ်သူမှ မကယ်နိုင်ကြတော့ဘူး။ အခုဆိုရင် သဉ္ဇာဆောင်တော်မှာ မေ့မြောနေလောက်ပြီ။ ငါးရက်၊ ငါးရက်'' နှင့်ကျုပ်သည် အဆုံးမသတ်နိုင်အောင်တွေးနေ၏။ ထိုသောက တို့သည် အဆုံးမသတ်။ စိတ်ဆင်းရဲမှုတို့သည် အဆုံးမသတ်။

ဆရာကြီးထံမှ ပြန်လာသည့်ညက ကျုပ်သည် ချက်ခြင်းအဆောင်ခန်းထဲ၌ ဖယောင်း ဆီမီးဖြင့် ထွန်းညှိ၍ ဆေးကျမ်းပုရပိုက်ကြီးကို ဖတ်ရှုခဲ့၏။ ထိုအချိန်က ကျုပ်၏လက် များသည် မျှော်လင့်ဇောဖြင့်တဆတ်ဆတ်တုန်လျှက်ရင်သည် ပြင်းစွာခုန်နေခဲ့၏။ ဘုရင်မကြီးအား မိမိကုသနိုင်ရမည်၊ ဘုရင်မကြီး၏ ဝေဒနာ ပျောက်ကင်းစေရမည်ဟူသော ယုံကြည်ချက်သည် အလွန်ကြီးမား ပြင်းထန်နေခဲ့၏။ စာတစ်လုံးပြီး တစ်လုံးဖတ်သွားတိုင် စိတ်လှုပ်ရှားမှုမှာ ပို၍ ပြင်းထန်နေ၏။ သို့သော် နှမြောစဖွယ် စာလုံးများသာ တစ်စထက် တစ်စကုန်ခန်းလာသည်။ ဘုရင်မ၏ဝေဒနာကို အစအနမျှ ရှာမတွေ့။ နောက်ဆုံး ညသန်းကောင်လွန်ပိုင်း၌ ဆေးကျမ်းပုရပိုက်ကြီးမှာ ကုန်ဆုံးသွားလေသည်။ ထိုအခါ၌ မိမိသည် မျှော်လင့်မှု လုံးဝ ကင်းမဲ့သွား၏။ သို့သော် မျက်စိမှောက်မှားသောကြောင့်သာ ရှာမတွေခြင်းဖြစ်လိမ့်မည်ဟု ပြန်၍ထင်လာ၏။ ဘုရင်မ၏ ရောဂါကို တွေ့ရမည် မိမိကုသနိုင်ရမည် ဟူသည့် ယုံကြည်ချက်သည် ပြန်၍ထင်လာ၏။

နောက်နေ့တွင် အခွင့်ယူ၊ ထန်းလျှက်ပေါက်ပေါက်တင်လဲတို့ကို ဆယ့်ငါးရက်စာ စုလျှက် အဆောင်ခန်းတည်းသွင်းပြီးအဆောင်ခန်းကို အလုံပိတ်ထားလိုက်၏။

ထိုအခါမှစ၍ ကျုပ်သည် အဆောင်ခန်းထဲမှ မထွက်တော့။ အိပ်ချိန်ဟူ၍လည်း မထားတော့။ စားချိန်ဟူ၍လည်းမရှိ၊ ခဏမျှအိပ်ပျော်သွားပြီး ဆတ်ခနဲ ပြန်နိုးလာလျှက် ဖတ်လက်စ ဆေးကျမ်းကြီးကို ပြန်ဖတ်၏။ တစ်ခေါက်ဖတ်၍ ပြီးဆုံးသွားခါနီးတိုင်း ရူးသွား လုမတတ် မျှော်လင့်ချက် ကင်းမဲ့သွားသည်။ ထို့နောက် တစ်နေရာရာကို မစေ့မစပ် ဖတ်မိသည်ဟူ၍ ပြန်ထင်လာပြန်၏၊ ပြန်၍ဖတ်ပြန်လေသည်။ ဆေးကျမ်းကြီးတစ်ခုလုံးကိုပင် နှုတ်ငုံရမတတ် ဖြစ်နေ၏။ ပူလောင်သောက တို့သည် တစ်စထက်တစ်စပို၍ ပြင်းထန်ကြီးမား လာနေသည်။ ရက်များသည် တစ်ရက်ပြီးတစ်ရက် ကုန်းဆုံးလာလျှက် မျှော်လင့်ချက်များ တစ်ရက်ပြီးတစ်ရက် လျော့လိုက်လာနေသည်။ ကျုပ်သည် အားအင်ကုန် ခန်းလျှက် မျက်တွင်းဟောက်ပက် ပိန်ချောင်ကျသွားသည်။ ကြေးမုံပြင်ရှေ့တွင် ရပ်ကြည့်လိုက်သောအခါ အရိုးပေါ်အရေတင် မျက်တွင်းဟောက်ပက်နှင့် အသားအရေဖြူဆွတ်နေလျှက် ကြောက်မက်ဖွယ်ရာ အသွင်သဏ္ဍာန် ဖြစ်နေလေသည်။

ဆယ်ရက်ပဲ ကျန်တော့တယ်။ ကိုးရက်၊ ရှစ်ရက်၊ ခုနှစ်ရက်၊ ခြောက်ရက်

မျှော်လင့်မှုများ အလျင်းကင်းမဲ့နေသော အခြေအနေကို ဆိုက်ရောက်နေရလေပြီ။ ယခုအချိန်၌ ဤဆေးကျမ်းကြီးကို မျှော်လင့်ကိုးစား နေခြင်းသည် ရူးနေခြင်းမျှသာ ဖြစ်နေလေပြီ။ ထို့နောက် ဘုရင်မကြီး နတ်ရွာစံတော့မည်မှာ ငါးရက်မျှသာ လိုတော့သည်။

ကျုပ်ခေါင်းထဲ၌ ''ငါးရက် ငါးရက်''နှင့်တွေးနေမှုတို့သည် အဆုံးမသတ်ခြာခြာလည် နေသည်။ မှီအုံးကိုမှီထားသောကျုပ်၏ခေါင်းမှာနောက်ဘက်သို့ အားအင်ကုန်ခန်းစွာ ယိုင်ကျ သွားသည်။ ခေါင်းထဲ၌ပို၍ ယစ်မူးလာသည်။ ကျုပ်သည်မျက်လုံးကို ဤအတိုင်းမှိတ်ထားရာမှ အိပ်ပျော်ကျသွား ချင်၏။ သို့သော် အဖန်ဖန်အလဲလဲ ပေါ်လာသော သောကတို့ကြောင့် အိပ်၍မရ။ ထိုသောက တို့သည် မီးကဲ့သို့ ကျွမ်းလောင်ပူပြင်းလျက် ရှိနေ၏။

အတော်ကြာလျှင် အားနည်းသွားသော မီးရောင်သည် ငြိမ်းသွားလေသည်။ အဆောင်ခန်းထဲ၌ ကြီးမားသော အမှောင်ထုကြီး ပိတ်ဆီးလျက် မည်သည့်အရာကိုမျှ မမြင်နိုင်တော့။ မိမိ၏အသက် ရှူသံ ပြင်းပြင်းသည် အမှောင်ထုကြီးထဲမှာ ပေါ်လာနေ၏။ မျှော်လင့်ချက်အားလုံးမှာ အဆုံးသတ် ကုန်ဆုံးသွားလေပြီ။ ယခုအချိန်တွင် ဤဆေးကျမ်းကြီးကိုအားကိုးပြီး ဤဆေးကျမ်းကြီးဖြင့် ကယ်တင်နိုင်မည်ဟု ထင်မှတ်နေခြင်းသည် ရူးသွတ်နေခြင်းမျှသာ ဖြစ်တော့မည်။ ရူးသွတ်နေပြီလော။ ရူးသွတ်နေချင်လည်း နေမည်။ အကောင်းပြကတိ ရှိချင်လည်းရှိမည်။ ထိုအဖြေသည်ပင် သေချာသော အဖြေမဟုတ်တော့ ပေ။ယခုအခါ၌ သေချာသောအရာ ဆိုသည်မှာ မရှိတော့ပေ။ အားလုံးသည် မသေမချာ ချည်းသော မျှော်လင့်ချက် ကင်းမဲ့နေချည်းသာ ဖြစ်နေသည်။

ကျုပ်သည်ဆရာကြီးဇီဝ၏စကားကိုပြန်၍ သတိရနေ၏။ သူ့မျှထက်မြက်သော သမားတော် ကားမရှိသူကဲ့သို့ သမားတော်ကြီးပင် အမည်နာမမျှမသိနိုင်သော ဝေဒနာကို အဘယ်မည်သူသည် ကုသနိုင်ပါမည်နည်။ သို့သော် ယခုတစ်ခဏ၌ ကျုပ်၏စိတ်အပေါင်း ယုံကြည်မှုအပေါင်းမှာ ပျက်စီးသွားလျက် အခြားယုံကြည်မှုတစ်ခု ဝင်လာလေသည်။

၎င်းမှာ အရှင်မ၏ ဝေဒနာအား ရဟန်းအရှင် ကုသနိုင်သည်ဟု ယုံကြည်နေခြင်းပင်ဖြစ်၏။ ကျုပ်ကား ရဟန်းသူတော်စင်အပေါ်၌ အထင်အမြင် လွဲမှားနေခြင်း သက်သက်မျှသာ ဖြစ်တော့သည်ဟု ပြန်၍ ယုံကြည်နေ၏။ ရဟန်းသူတော်စင်၏ မျက်နှာတော်သည် အစဉ်ငြိမ်းချမ်းနေ၏။ တရားဓမ္မဖြင့်သာ မွေ့လျော်၏။ ရန်သူကိုပင် ခွင့်လွတ်နိုင်၏။ ကရစ်သျှန ဘုရားက ငရဲသို့ ပို့ဘူးသည်လည်း မှန်၏။ ခလှဲ့မန္တရား အတတ်၌ တဖက်ကမ်းခတ်မျှလည်း ကျွမ်း၏။ နက္ခတ်ဗေဒင်နှင့် တတ်ကျွမ်းမလှသည်လည်း မှန်၏။ နဝရတ်လက်စွတ်တော်ကို ရှာဖွေဖော်ထုတ်၏။ အရှင်၏ဝေဒနာအား ဆေးကုသရန် နက္ခတ်ကိုစောင့်ဆိုင်းနေ၏။ ယခုဆိုလျှင် အရှင်မအား ဆေးကုသနေလောက်ပြီ။ ရဟန်းအရှင်ကား အရှင်နာယာယန၏ စေလွှတ်မှုဖြင့် ကြွလှမ်းခဲ့ရသော ပုဂ္ဂိုလ်ဖြစ်၍ ရဟန်းအရှင်မှတပါး မည်သူမျှ ဆေးဝါးကုသ၍ ရနိုင်မည်ကားမဟုတ်။

ကျုပ်သည် ရူးသွတ်နေသကဲ့သို့ ''အရှင့်ကို ရဟန်းသူတော်စင် ဆေးကုသနေပါဘီ၊ အရှင် ကျန်းမာတော် မူလာပါဘီ''ဟု အမှောာင်ထဲ၌ တစ်ဦးတည်း စကားပြောလိုက်မိသည်။

မိမိစိတ်ထဲမှ တွေးနေခြင်းကို ပါးစပ်မှ ပြောဆိုမိလျက်သား ဖြစ်နေသည်။ ထိုအတိုင်း အကယ်ပင် ဖြစ်ပျက်နေသည်ဟု သံသယမရှိ ယုံကြည်လာသည်။ ဘုရင်မ ပြန်လည်ကျန်းမာတော်မူလာသည်ကို ဖူးမျှော်လိုစိတ်ဆန္ဒများ ပေါ်လာသည်။

ဆက်လက်ဖော်ပြပါမည်