Friday, September 10, 2010
   
Text Size

Site Search powered by Ajax

အာဇာနည်နေ့တွင် ဗိုလ်ချုပ်ပြတိုက် ဖွင့်လှစ်ခဲ့ လေ့လာကြည့်ရှုသူ အများပြည်သူများဖြင့် စည်ကား

Breaking News - Vol2 No.95

User Rating: / 3
PoorBest 
ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချုပ်ပြတိုက်လမ်း (ယခင်တာဝါလိန်းလမ်း) ဗိုလ်ချို(၃) ရပ်ကွက်တွင် ရှိသော လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သော နေအိမ် (ဗိုလ်ချုပ်ပြတိုက်)ကို (၂ဝ၁ဝ)ပြည့်နှစ် ဇူလိုင်(၁၉)ရက် အာဇာနည်နေ့တွင် အများပြည်သူ ကြည့်ရှု လေ့လာနိုင်ရန် ဖွင့်လှစ်ပြသ ပေးခဲ့သည်ကို တွေ့ရှိရသည်။ ''မျက်ရည်သွန်လို့၊ ဘဝင်ညှိုး၊ ဇူလိုင်တစ်ဆယ့်ကိုး''ဟု အများပြည်သူများ၊ ဝမ်းနည်းကြေကွဲရသည့် ထိုနေ့တွင် မိုးရိပ်အုံ့ ဆိုင်းကာ မိုးရေများ တစ်ဖွဲဖွဲ ကျလာသည်မှာ အများပြည်သူနှင့်အတူ ဝမ်းနည်းကြေကွဲ ခဲ့သယောင် မိုးသည် တစ်ဖွဲဖွဲ ရွာလာခဲ့သည်။

ဗိုလ်ချုပ်ပြတိုက်သို့ သွားရာလမ်း တစ်လျှောက်၌ အဆိုတော်ကြီး ဒေါ်မေလှမြိုင်၏ အာဇာနည်နေ့ တေးသီချင်းများသည် လွမ်းဆွတ်ကြေကွဲဖွယ် ကြည့်ရှုသူ ပြည်သူတို့၏ ရင်ကို တဆစ်ဆစ် နာကျင်စေလေသည်။ ဗိုလ်ချုပ်ပြတိုက်သို့ အဝင်ဝတွင်လည်း လုံခြုံရေးအရာရှိများက အသေးစိတ်တစ်ယောက်ချင်း လိုက်လံစစ်ဆေးပြီးမှသာ ဗိုလ်ချုပ်ပြတိုက်သို့ ဝင်ခွင့်ပြုလေသည်။

(၆၃)နှစ်မြောက်ဖြစ်သည့်(၂ဝ၁ဝ)ပြည့်နှစ် အာဇာနည်နေ့တွင် ကလေး၊လူငယ်၊လူကြီးများသာမက အသက်အရွယ်ကြီး ရင့်လာသည့် ဘိုးဘိုး၊ ဘွားဘွားများပါ ဗိုလ်ချုပ်ပြတိုက်သို့ လာရောက်ကြည့်ရှုခဲ့သည်ကို တွေ့ရသည်။ ယခင်နှစ် (၆၂)နှစ် မြောက်။ (၂ဝဝ၉)ခုနှစ် အာဇာနည်နေ့တွင် ဗိုလ်ချုပ်ပြတိုက် အပေါ်ထပ်အခန်းများကို ပြုပြင်ရန် လိုအပ်နေခြင်းများကြောင့် ကြည့်ရှုလေ့လာခွင့်မပေးခဲ့ပေ။ ယခုနှစ်တွင်တော့ အဆိုပါပြုပြင်ပြီးအပေါ်ထပ်သို့ တစ်ကြိမ်လျှင် လူ(၂ဝ)ခန့်စီဖြင့် ကြည့်ရှု လေ့လာခွင့်ပေးခဲ့သည်။

ပြုပြင်ပြီး ဗိုလ်ချုပ်ပြတိုက်၏ အပေါ်ထပ်တွင် ဗိုလ်ချုပ်ဝတ်ဆင်ခဲ့သည့် အင်္ကျီ၊ဘောင်းဘီ၊ ဖိနပ်၊ ဦးထုပ်နှင့် ဗိုလ်ချုပ် လေ့လာစုဆောင်း ဖတ်ရှုခဲ့သော စာအုပ်စင်၊ အောင်ဆန်းစုကြည်၊ အောင်ဆန်းလင်း၊ အောင်ဆန်းဦးတို့၏ အိပ်ခန်းအတွင်းရှိ ခုတင်များ၊ ဗိုလ်ချုပ်နှင့် ဇနီးမောင်နှံတို့ အိပ်စက်သည့် အိပ်ခန်းတို့ကို လေ့လာကြည့်ရှုခွင့် ရခဲ့သည်။

ဗိုလ်ချုပ်ပြတိုက်၏ ခြံဝန်းအတွင်းနှင့် ဗိုလ်ချုပ်ပြတိုက်အတွင်း ''ကွမ်းမစားရ ဆေးလိပ်မသောက်ရ''ဟု စာတမ်းများနှင့် ဗိုလ်ချုပ်ပြတိုက်အတွင်းရှိ ပစ္စည်းများကို ''မကိုင်ရ''စသည့် စည်းကမ်းများထုတ်ပြန်ထားသည်ကို တွေ့ခဲ့ရသည်။ ဗိုလ်ချုပ်ပြတိုက် ခြံဝန်းအတွင်းနှင့် ဗိုလ်ချုပ်ပြတိုက် လမ်းတစ်လျှောက် ကြည့်ရှုသူအများပြည်သူများဖြင့် စည်ကားလျက်ရှိခဲ့သည်။ လွတ်လပ် ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ ပုံစံတူရုပ်တုကိုလည်း ဗိုလ်ချုပ်ပြတိုက် ခြံဝန်းအတွင်း၌ ဗိုလ်ချုပ်သည် ပေါက်တူးကိုင်၍ သစ်ပင်စိုက်နေသည့် ပုံစံတူရုပ်တုကိုလည်း တွေ့ရှိရသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် မိသားစုနှင့်အတူ (၁၉၄၅)ခုနှစ် မေလမှ(၁၉၄၇)ခုနှစ်၊ လုပ်ကြံခံရသည့်နေ့ အထိ အဆိုပါ နေအိမ်(ပြတိုက်)တွင် နေထိုင်ခဲ့ကြောင်း လေ့လာသိရှိရသည်။ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကို ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထိန်းသိမ်းစောင့်ရှောက် ထားခြင်းဖြစ်ပြီး (၂ဝဝ၉)ခုနှစ်၊ (၆၂)နှစ်မြောက် အာဇာနည်နေ့တွင် ပြည်တွင်း ကျား/မ(၁၅၉၁)ဦး၊ သံဃာ(၃၉)ပါး၊ သီလရှင်(၂)ပါး၊ နိုင်ငံခြားသား (၁၂)ဦး လာရောက်ကြည့်ရှုခဲ့ကြောင်း မော်နီတာ သတင်းဂျာနယ်တွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။

ခေတ်သစ်လူ