Monday, September 06, 2010
   
Text Size

Site Search powered by Ajax

တိုးအေးခေါ်သံ

Home Stories - Vol2 No.95

User Rating: / 6
PoorBest 
တိုးအေးသင်္ဘော မှောက်ခဲ့တာ အနှစ်(၄ဝ) ပြည့်တော့မယ်။ တိုးအေးသင်္ဘော မှောက်ရာမှာ အသက်ပေးခဲ့ ရသူတွေဆိုရင် အနှစ်(၄ဝ)နီးပါး ကြာခဲ့ပြီဆိုတော့

အရိုးတော့ ဆွေးလု နေပါပြီ။ ဒါပေမဲ့ တိုးအေးပေးတဲ့သင်ခန်းစာက ခါးသီးလွန်းလှတယ်။ ရန်ကုန်နဲ့ ဒလ ဆိုတာ မြစ်တစ်ခုခြားတာနဲ့ ဘဝတွေခြားသွားတယ်။ မဖွံ့ဖြိုးသေးတဲ့ရန်ကုန်တစ်ဖက် ကမ်းကို တိုးအေးသင်္ဘောအားကိုးပြီး ဘဝတွေကို ရင်းနေကြရတာလေ။ ဘယ်သူက ထင်မှာတဲ့တုန်း။ အားလုံး အားလုံးဟာ နေ့စဉ်ဆိုသလို ဒလနဲ့ရန်ကုန်ကို ထမင်းစား ရေသောက် တိုးအေးအားကိုး ကူးနေခဲ့ကြတယ်။

ဘယ်လိုမှထင်မထားခဲ့ကြတဲ့၊အိပ်မက် သော်မှမမက်ခဲ့ဖူးတဲ့ တိုးအေးသင်္ဘောဟာ (၁၉၇၃)ခုနှစ်၊ဖေဖော်ဝါရီ(၂၁)ရက်၊ ညနေ (၃)နာရီ(၅၅)မိနစ်မှာတော့လူတွေရဲ့ကံကြမ္မာ ကိုပြောင်းလဲပစ်လိုက်တယ်။ ရန်ကုန်၊ ပန်းဆိုး တန်းဆိပ်ကမ်း၊ နန်းသီတာပျော်ပွဲစားရုံရှေ့ တည့်တည့်မြစ်လယ်မှာရန်ကုန်-ဒလကူး ပရ သဖပိုင် တိုးအေးအမည်ရှိတဲ့ကူးတို့သင်္ဘောက ခါးပိုင်းနဲ့ ဘုံဘေမာရူးအိုအက်စ်အမ် အမည်ရှိ သင်္ဘောတို့တိုက်မိပြီး တိုးအေးဟာ နစ်မြုပ် သွားခဲ့တယ်။ တိုးအေးမြုပ်သွားချိန်မှာ (၂၇) ဦး အသက်ရှင်ဒဏ်ရာရခဲ့ပြီး အလောင်း(၄) လောင်းရခဲ့တယ်။ ည(၁၁)နာရီရောက်တဲ့ အချိန်အထိ ဒလဘက်ကို ပြန်ရောက်လာ တဲ့လူ (၂၈)ယောက်ပဲရှိတယ်။ အဲသည့် အချိန်မှာ လူပျောက်တိုင်ထားတာက (၉၆) ဦး။ အဲသည့် တိုးအေးသင်္ဘောနစ်မြုပ်မှုကို အဲသည့်အချိန်တုန်းက ပို့ဆောင်ဆက်သွယ် ရေးဌာနဝန်ကြီး ဦးသန်းစိန်၊ ဒုတိယဝန်ကြီး ဦးသာကျော်၊ ရန်ကုန်တိုင်းမှူး ဗိုလ်မှူးကြီး ထင်ကျော်နဲ့ တာဝန်ရှိသူတွေ ချက်ချင်းရောက်လာခဲ့ကြတယ်။ ရုံး၊ ကျောင်းဆင်းချိန် ဖြစ်လို့ သင်္ဘောပေါ်မှာ လူတွေအပြည့်နီးပါး ပါသွားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ဆိုကြတယ်။

တိုးအေးသင်္ဘောနစ်မြုပ်တဲ့အခါ အနီးအနားမှာရှိကြတဲ့ သင်္ဘောတွေ၊ သမ္ဗာန် တွေနဲ့ အခြားရေယာဉ်တွေက ဝိုင်းဆယ်ကြတယ်။ အသက် ချမ်းသာရာ ရတဲ့ ခရီးသည်တွေ လည်း ရှိခဲ့တယ်။ ဒလသင်္ဘောကျင်းနေ ဦးပိန်(၅၃)နှစ်၊ ရေကျော်ကွက်သစ်နေ ဦးတင်ရွှေ (၄၅)နှစ်၊ ဒလညောင်ကုန်းနေ မောင်သန်းဝင်း (၁၉)နှစ်၊ တွံတေးမှ မောင်အုန်းသွယ်(၂၈)နှစ်၊ မောင်ခင်မောင်လှ(၂၃)နှစ်၊ ကွမ်းခြံကုန်းအဖျောက်မှမကြည်မြ(၃၈)နှစ်၊ ဒလရန်ကုန် ပေါက်နေမောင်ဝင်းဦး(၁ဝ)နှစ်၊ ကမာကဆစ်စက်မြေရပ်နေ ကိုထွန်းအေး(၃၅)နှစ်၊ ဒလ အောင်မင်္ဂလာကွက်သစ်နေ မောင်ထွန်းနိုင်(၂၈)နှစ်၊ ဘီအိုင်ရပ်နေ မောင်သန်းထွန်း (၂ဝ)နှစ်၊ အောင်မင်္ဂလာကွင်းဟောင်းမှမောင်ခင်လှ(၂၈)နှစ်၊ အံ့ကြီး(၂)ရပ်ကွက်မှ မောင် ထွန်းသိန်း(၁၆)နှစ်၊ ကမာကသွယ်မှ မောင်မြင့်ဋ္ဌေး(၁၂)နှစ်၊ တွံတေးမှမောင်အေးကြိုင် (၂၂)နှစ်၊ ဦးလှရွှေ၊ ဒလလမ်းသစ်လမ်းမှကိုဟန်စိန်(၄၁)နှစ်၊ ဒလသင်္ဘောကျင်းမှ ကိုအောင်ခင်၊အောင်မင်္ဂလာရပ်မှဦးစိုးတင့်(၅၃)နှစ်၊သင်္ကန်းကျွန်းမှနူရူး(၁၈)နှစ်၊ကန်တော် ကလေးလူအိုရုံလမ်းမှမောင်ကျော်ထွန်း(၃၁)နှစ်၊ ဒေါ်သိန်းရွှေ(၄၆)နှစ်၊ကိုတင်ထွန်း၊ ဒလဘီအိုစီရပ်မှဗရမ်းဂျော်နီ၊တွံတေးမှဦးမောင်ရှင်၊ကျိုက်လတ်မှကိုသန်းရွှေနှင့်ကိုဘသန်း (၃၆)နှစ်၊အလုံဧရာဝတီဝင်းမှမသန်းသန်းအေး(၁၈)နှစ်၊မောင်သိန်း(၁၆)နှစ်နှင့်မောင်ကျော်တို့ ဖြစ်ကြသည်။

တိုးအေးရဲ့ရေယာဉ်အုပ်က ကိုကြွေလို့ဆိုတယ်။ သူနဲ့အတူ သင်္ဘောပေါ်မှာပါလာတဲ့ သူတွေက စက်ခန်းအုပ်ဦးမောင်စိန်၊ ဆီလောင်းအလုပ်သမား ကိုမောင်ကြည်၊ ကိုထွန်း ရွှေ၊ ကိုလှရွှေ၊ သင်္ဘောသားကိုစိုးထွန်း၊ ကိုစိုးသိန်း၊ ကိုကျော်၊ ကိုဘသန်းနဲ့ လက်မှတ် ရောင်းစာရေးကိုမြင့်မောင်တို့(၁ဝ)ဦးတို့ကတော့ အသက်ချမ်းသာရာရခဲ့ကြတယ်။ သူတို့ (၁ဝ)ဦးကို မဆင်မခြင်မောင်းမှု၊ လူသေမှုနဲ့ တာဝန်ကျတဲ့သူ(၁ဝ)ဦးကို ဆိပ်ကမ်းရဲတပ် စခန်းက ပုဒ်မ၃ဝ၄(က)နဲ့ ရေယာဉ်ကိုမဆင်မခြင်မောင်းနှင်မှု၊ လူသေမှုနဲ့ အရေးယူ အမှုဖွင့်ပြီး ဖမ်းလိုက်တယ်။ ဆိပ်ကမ်းမြို့နယ် ပြည်သူ့တရားရုံးမှာ ယမန်ယူပြီး မတ်လ (၈)ရက်အထိ ဆက်လက် ချုပ်ခဲ့တယ်။ တိုးအေးသင်္ဘောနဲ့ တိုက်မှုဖြစ်ထားတဲ့ ဘုံဘေ မာရူးသင်္ဘောကို ဖေဖော်ဝါရီ(၂၂)ရက်၊ ညနေ (၄)နာရီခွဲမှာ သက်ဆိုင်ရာက ရန်ကုန်မြစ်ထဲကနေ ထွက်ခွာခွင့် ပေးခဲ့တယ်။

ရန်ကုန်မြစ် တစ်လျှောက်မှာ ဆိပ်ကမ်း ကော်ပိုရေးရှင်းက မော်တော်တွေ၊ ရေကြောင်း ပို့ဆောင်ရေး ကော်ပိုရေးရှင်းက မော်တော်တွေနဲ့ ဆိပ်ကမ်း ရဲတပ်စခန်းက ရဲမော်တော်နဲ့ လိုက်ရှာခဲ့ကြတယ်။ တပ်မတော်ရေတပ်က ရေငုပ်သမားတွေနဲ့ တိုးအေး သင်္ဘောကို ရေငုပ် ဆင်းကြည့်ကြတယ်။ သင်္ဘောဦးပိုင်းမှာ အလောင်းတစ်လောင်းရဲ့ လက်ကို ကိုင်မိလို့ ဆွဲထုတ်တဲ့အခါ သံပြားနှစ်ချပ်ကြားမှာ ညပ်နေလို့ ဆွဲထုတ်လို့မရဘူးလို့ ဆိုတယ်။ အရှေ့ပိုင်းဆေးရုံက ဆရာဝန်ဦးသိန်းထွန်း ရဲ့နားကြပ်တစ်ခု၊ ဆေးပစ္စည်းတွေနဲ့၊ မှတ်ပုံတင်ပါ လက်ဆွဲအိတ်တစ်လုံးကို နစ်မြုပ်နေတဲ့တိုးအေး သင်္ဘောထဲကတွေ့ရလို့ ရေငုပ်သမားတွေက ဆိပ်ကမ်းရဲတပ် စခန်းကို အပ်ခဲ့တယ်။ ညနေ(၃)နာရီမှာ တပ်မတော်ရေတပ်က ရေငုပ်အဖွဲ့၊ ဆိပ် ကမ်းကော်ပိုရေးရှင်းက ရေငုပ်အဖွဲ့၊ ဒေါပုံက ဦးပွခေါင်းဆောင်တဲ့ ရေငုပ်အဖွဲ့၊ ဒလ ကမာကဆစ်မှ ဦးအောင်ကြည်နဲ့ စွတ်ကလိန်ကြုံတို့ခေါင်းဆောင်တဲ့ ရေငုပ်အဖွဲ့၊ ဦးဘူကြားတို့ခေါင်းဆောင်တဲ့ ရေငုပ်အဖွဲ့ တွေဟာ ရေစစ်ချိန်မှာရေအောက်ကိုဆင်း ပြီး နစ်မြုပ်နေတဲ့ တိုးအေးသင်္ဘောထဲက အလောင်းတွေကို ရှာဖွေခဲ့ကြတယ်။တိုးအေး သင်္ဘောဟာ ရေအောက်မှာ ခပ်စောင်း စောင်းဖြစ်နေပြီး ဖင်ထိုင်နေတာကို တွေ့ကြရတယ်။ ဦးပိုင်းဟာ ဒလကမ်းဘက် ကို လှည့်နေတာကိုတွေ့ရတယ်။ သင်္ဘော နစ်မြုပ်တဲ့နေရာဟာ ရေကျချိန်မှာ ပေ(၂ဝ) ကျော်နက်တယ်။ရေငုပ်သမားတွေဟာ နစ်မြုပ်နေတဲ့ သင်္ဘောအတွင်းသို့ဝင်တဲ့အခါ ဦးပိုင်းနဲ့ပဲ့ပိုင်းကိုသာဝင်နိုင်ပြီး သင်္ဘော အလယ်ပိုင်းကိုဝင်ဖို့ အခက်အခဲတွေ့နေကြတယ်။ ရေငုပ်သမားတွေဟာ အလောင်းတွေကို သင်္ဘောထဲက ဖော်ထုတ်ယူကြရာမှာညနေ(၅)နာရီအထိ အလောင်း(၃)လောင်းဖော်ယူရခဲ့တယ်။ အဲသည့်နေ့ ညနေပိုင်းမှာ အင်းစိန် ကမ်းနားဘက်မှာ အသက်(၃)နှစ်ခန့်ရှိတဲ့ မိန်းကလေးအလောင်းတစ်လောင်း ဆယ်ရခဲ့ကြတယ်။

မနက်(၁၁)နာရီခွဲမှာလည်း အမည်မသိ အသက်(၃ဝ)နှစ်ခန့်ရှိတဲ့ မိန်းမ အလောင်းတစ်လောင်း ဆယ်ယူရခဲ့ပြီး အလုံဆိပ်ကမ်းမှာလည်း မိန်းမအလောင်း တစ်လောင်းကို ထပ်မံဆယ်ယူခဲ့ကြတယ်။

အဲသည့်နေ့ ညနေပိုင်း အလောင်းတွေ ဖော်ထုတ်နေချိန်မှာ ပို့ဆောင်ဆက်သွယ်ရေးဌာန ဒုတိယဝန်ကြီး ဦးသာကျော်က တိုးအေး နစ်မြုပ်ရာကို သင်္ဘောနဲ့ ရောက်လာပြီး စစ်ဆေးကြည့်ရှုခဲ့တယ်။ အဲသည့်နောက်နစ်မြုပ်နေတဲ့သင်္ဘောထဲကအလောင်းတွေကို လွယ်လင့်တကူ ဖော်ယူနိုင်ဖို့ သင်္ဘောခေါင်မိုးကို အဲသည့်နေ့ ညပိုင်းမှာပဲဖျက်ထုတ်ပြီး အလောင်းတွေကို ဖော်ဖို့နဲ့ နောက်နေ့မှာ သင်္ဘောကိုဖော်တင်ဖို့ ညွှန်ကြားခဲ့တယ်။ ဒလမှာရှိတဲ့ရပ်ကွက် (၁၇)ခုမှာ ရပ်ကွက်(၁၃)ခုက ယောက်ျား၊ မိန်းမ၊ ကလေး(၅၁)ယောက် သင်္ဘောမြုပ် ရာမှာပါဝင်ခဲ့ပြီး ပျောက်ဆုံးသွားခဲ့တယ်။ အဲသည့်နေ့ မနက်ပိုင်းက ဒလမြို့နယ် မှာ အရေးပေါ်ကယ်ဆယ်ရေးကော်မတီဖွဲ့ စည်းပြီး မော်တော်(၅)စင်း၊သမ္ဗာန်(၃၂)စင်း နဲ့ မြစ်ကြောင်းတစ်လျှောက် အလောင်းရှာ ထွက်ကြတယ်။ ပါတီကောင်စီနဲ့ နလကယက ပုဂ္ဂိုလ်တွေကလည်း သင်္ဘောနစ်မြုပ်ရာမှာ ပါခဲ့တဲ့အိမ်တွေကိုသွားပြီး အားပေးစကား ပြောခဲ့တယ်။ ဆေးရုံတက်နေတဲ့ သင်္ဘော နစ်ရာမှာ ပါခဲ့တဲ့လူနာတွေကိုလည်း အဲသည့် နေ့ နေ့လယ်ပိုင်းက ရေကြောင်းပို့ဆောင်ရေး ကော်ပိုရေးရှင်းက တာဝန်ရှိပုဂ္ဂိုလ်တွေ သွား ရောက်ကြည့်ရှုပြီး ဟောလစ်နဲ့စား စရာတွေပေးခဲ့ပြီး အားပေးစကား ပြောခဲ့ကြတယ်။ သင်္ဘောနစ်ရာမှာပါဝင် သေဆုံးသူ တွေအတွက်လည်း တစ်ဦးကို(၂ဝဝ)ကျပ်စီ သင်္ဂြိုဟ်စရိတ်ထောက်ပံ့ခဲ့တယ်။

ပျောက်နေတဲ့သူပေါင်း (၁၂ဝ)ကျော်ပြီး အသက်ရှင်ပြန်တွေ့သူ(၆၈)ဦးရှိ တယ်လို့လည်း သိရတယ်။ အဲသည့်နေ့မှာပဲ ရေနစ်သေတဲ့အလောင်း(၈)လောင်းနဲ့ ကလေးအလောင်း(၄)ဦးကိုပေါင်း၍ သေဆုံးသူ(၁၂)ဦးရှိခဲ့တယ်။ သေတဲ့သူတွေ ထဲမှာ ဗဟန်း၊ အထက(၂)မူကြိုကျောင်းက မဝင်းမြင့်၊ မောင်ထော်လေးလမ်းက မစန်းရီ၊ ဒလကကိုခင်မောင်၊ တောင်ဥက္ကလာပါရမီကဦးချစ်တင်၊ ဒလကမောင် ခင်မောင်ကြူ၊ ဒလရွာသာယာက ဒေါ်သန်းရီတို့ ပါခဲ့တယ်လို့လည်း သိရတယ်။

တိုးအေးသင်္ဘော နစ်မြုပ်မှုနဲ့ ပတ်သက်ပြီး ပန်းဆိုးတန်းဆိပ်ကမ်းမှာ ဆိပ်ကမ်းမြို့နယ် ကယ်ဆယ်ရေး ယာယီကော်မတီ ရုံးခန်း ဖွင့်ပေးခဲ့တယ်။

ဖေဖော်ဝါရီ (၂၃)ရက်မှာတော့ ဝန်ကြီးဦးကိုကိုက သင်္ဘောကယ်ဆယ်ရေး ညွှန်ကြားခဲ့တယ်။ ဆိပ်ကမ်းကော်ပိုရေးရှင်းက လုပ်သားတွေက ဖေဖော်ဝါရီ (၂၃)ရက်၊ ညပိုင်းမှာ သံကြိုးတွေနဲ့ တိုးအေးနှစ်ထပ် သင်္ဘောရဲ့ အမိုးကို ဆွဲဖွင့်ခဲ့ကြတယ်။

အဲသည့်နေ့ ညနေပိုင်းကလည်း ဆိပ်ကမ်းကော်ပိုရေးရှင်းပိုင် ဆင်ပြောင်(၁၃) တွန်းသင်္ဘောဟာ ဆီတွဲသင်္ဘောတစ်စင်း နဲ့တွဲပြီး ရေအောက်မှာနစ်မြုပ်နေတဲ့ တိုးအေး သင်္ဘောကိုဖော်ဖို့အတွက် သင်္ဘောအောက် ပိုင်းကို သံကြိုးနဲ့သိုင်းခဲ့တယ်။ ဒါ့အပြင် ပန်းဆိုးတန်းကျန်းမာရေးဆိပ်ကမ်းမှာရှိတဲ့ တံတားဟောင်းနေရာမှာ ဆယ်ယူရရှိမယ့် တိုးအေးသင်္ဘောကို ဆွဲတင်ထားဖို့ စီစဉ် ထားဖို့ အဲသည့်တံတားဟောင်းကို ဆိပ်ကမ်း ကော်ပိုရေးရှင်းမှလုပ်သားတွေက ဖျက်ချ ခဲ့ကြတယ်။ နစ်မြုပ်သွားတဲ့တိုးအေး သင်္ဘောက သေသူအလောင်းတွေက အဲ သည့်နေ့မှာတစ်နေ့လုံး ရန်ကုန်မြစ်တစ် လျှောက်မှာပေါ်လျက်ရှိပြီး အလောင်းရှာဖွေ တဲ့သင်္ဘောတွေ မနက်(၆)နာရီကနေညနေ(၆)နာရီအထိ လိုက်ဆယ်ခဲ့ကြရာမှာ (၃၂)လောင်း ဆယ်နိုင်ခဲ့ကြတယ်။ အလောင်းတချို့ ငါးစားထားလို့ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာလည်း တွေ့ကြရတယ်။ညနေ(၃)နာရီမှာပြည်ထဲရေးဌာနဝန်ကြီးဦးကိုကို၊ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနဒုတိယဝန်ကြီးဦးသာကျော်၊ရန်ကုန်တိုင်းတလကဥက္ကဋ္ဌဦးမင်းညီ၊ ပြည်သူ့ ရဲတပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ်ဦးအုန်းကြည်၊ ရန်ကုန်တိုင်းပြည်သူ့ ရဲတပ်ဖွဲ့ညွှန်ကြားရေးမှူးဦးသိန်းအောင်တို့ တိုး အေးနစ်မြုပ်ရာကို လာရောက်ကြည့် ရှု စစ်ဆေးပြီး အလောင်းတွေကို စနစ်တကျ သယ်ယူသင်္ဂြိုဟ်ဖို့နဲ့သေဆုံးသူတွေရဲ့ ဆွေမျိုးသားချင်း တွေကို တတ်နိုင်သမျှ အကူအညီတွေပေးသွားမယ်လို့ ပြောခဲ့တယ်။ ဒါ့အပြင် လူမှုဝန်ထမ်းဌာနက ဒုဝန်ကြီးဦးဗန်ကူ၊ ယဉ်ကျေးမှုဌာနကဒုဝန်ကြီး ဦးအေး မောင်တို့လည်း တိုးအေးနစ်မြုပ်ရာကို ရောက်ရှိစစ်ဆေးကြတယ်။

ဖေဖော်ဝါရီ(၂၃)ရက်၊ ညနေ(၆)နာရီအထိ ဆယ်ရတဲ့အလောင်း(၄၆)လောင်း ရှိခဲ့တယ်။ ယောက်ျား(၂၆)၊မိန်းမ(၂ဝ)ဖြစ်တယ်။ အဲသည့်အလောင်း(၄၆)လောင်းမှာ မိန်းမ(၄)ယောက်နဲ့ယောက်ျား(၄)ယောက်တို့ကို အမည်၊ နေရပ်မသိရသေးဘဲ ဖြစ်နေတယ်။

အဲသည့်နေ့က ဆယ်ယူရခဲ့တဲ့အလောင်းတွေထဲမှာ ပါဝင်သူတွေကတော့ လမ်းမတော် သရက်တောကျောင်းမှဒေါ်သန်း(၄၅)နှစ်၊ ဒလမှကိုအုန်းမြ(၃၅)နှစ်၊ ဂျဖား(၃၅)နှစ်၊ ဆိုက်တွန်ဘီဘီ(၂၈)နှစ်၊ မသန်းသန်းမြင့်(၂၄)နှစ်၊ ကိုညွန့်လွင် (၃၅)နှစ်၊ မောင်ဇော်လွင်(၁၄)နှစ်၊ မတင်မြင့်(၁၈)နှစ်၊ ဟာဇဒါခေါ်မတင်မြင့်(၂ဝ) နှစ်၊ ပန်ဒစ်(၆ဝ)နှစ်၊ မောင်ဝင်းသိန်း(၁၇)နှစ်၊ အံ့ကြီးမှဆရာဝန်ဦးသန်းထွန်း(၂၆) နှစ်၊ ဦးတင်ညွန့်(၄၇)နှစ်၊ မလှကြည်(၃ဝ)နှစ်၊ မတင်ရီ(၃၆)နှစ်၊ ရန်ကင်းမှမောင် ဇော်ဝင်းခိုင်(၂၄)နှစ်၊ ဗဟန်းမှကိုတင်မြ(၃ဝ)နှစ်၊ (၃၈)လမ်းမှစကီနာဘီဘီ(၂ဝ) နှစ်၊ပထမသော်မဆင်ရိပ်သာမှဒင်နီရယ်(၄၅)နှစ်၊ လသာလမ်းမှဦးကြည်(၃၅)နှစ်နှင့် ဖျာပုံမှ မသန်းသန်း(၃၂)နှစ်တို့ဖြစ်ကြတယ်လို့ သိရပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ရောက်လာတဲ့ အလောင်းတွေကို သက်ဆိုင်ရာ ဆွေမျိုးသားချင်းများရဲ့ ဆန္ဒအလျောက် ထုတ်ယူခွင့်၊ သင်္ဂြိုဟ်ခွင့်ပြုထားပြီး ဖေဖော်ဝါရီ (၂၃)ရက် အထိ ရေခဲတိုက်ကနေ (၁၉)လောင်း ထုတ်ယူသွားခဲ့ကြတယ်။ သေဆုံးသူတွေကို ရေကြောင်းပို့ဆောင်ရေး ကော်ပိုရေးရှင်းက သင်္ဂြိုဟ်စရိတ် တစ်ဦးကို (၂ဝဝ)ကျပ်စီ ထုတ်ပေးရေးကိစ္စနဲ့ ပတ်သက်ပြီး ရေကြောင်းပို့ဆောင်ရေးက အလုံ၊ ကျောက်တံတား၊ ဗိုလ်တ ထောင်၊ ဒလနဲ့ တွံတေးမှာရှိတဲ့ လအကဥက္ကဋ္ဌတွေဆီကို အကြောင်းကြားစာပို့ခဲ့တယ်။

အဲသည့်အကြောင်းကြားစာမှာ သက်ဆိုင်ရာမြို့နယ်၊ လုံခြုံရေးနဲ့ အုပ်ချုပ်မှုကော်မတီ ဒါမှမဟုတ် ရဲတပ်စခန်းက ထောက်ခံစာနဲ့ သေဆုံးသူရဲ့ဆွေမျိုးသားချင်းတွေကို သင်္ဂြိုဟ်စရိတ်ထုတ်ယူရရှိရေးနဲ့ပတ်သက်ပြီး အမျိုးသားမှတ်ပုံတင်ကတ်ပြားယူဆောင်ပြီး ရေကြောင်းပို့ဆောင်ရေးကော်ပိုရေးရှင်းအုပ်ချုပ်ရေးဌာနက အထက်တန်းအရာရှိ ဦးကျော်နဲ့ ဆက်သွယ်နိုင်တယ်လို့ ဖော်ပြထားခဲ့တယ်။

သေဆုံးသူတွေထဲက ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းက မဝင်းမြင့်ဟာ သူ့ခင်ပွန်းဝန်ထမ်း ဌာန အမှုတွဲထိန်းကိုတင်မြ၊ ပါရမီလမ်းနေဦးချစ်တင်၊ မောင်ထော်လေးလမ်းနေမစန်းရီနဲ့ မောင်ဇော်ဝင်းခိုင်တို့ (၅)ဦးအတွက် ဆွေမျိုးမိဘတွေကို တစ်ဦးလျှင် သင်္ဂြိုဟ်စရိတ်(၂ဝဝ)စီ ရေကြောင်းပို့ဆောင်ရေးကော်ပိုရေးရှင်းက အမှုဆောင်ညွှန်ကြားရေးမှူး ဦးလှဝင်းက ထောက်ပံ့ခဲ့တယ်။ ဒါ့အပြင်တိုးအေးသင်္ဘော နစ်မြုပ်ရာမှာ အသက်ဆုံးရှုံးခဲ့ရခြင်းအတွက် ရေကြောင်းပို့ဆောင်ရေးကော်ပိုရေးရှင်းက အမှုဆောင်ညွှန်ကြားရေးမှူးနှင့်တကွ ဝန် ထမ်းတွေအနေနဲ့ အထူးဝမ်းနည်းကြေကွဲ ရကြောင်း၊ ကွယ်လွန်သူများ ကောင်းရာ သုဂတိလားပါစေကြောင်း ဆုမွန်ကောင်း တောင်းပါကြောင်း၊ ဝမ်းနည်းသဝဏ်လွှာကို လည်း သေဆုံးသူရဲ့ဆွေမျိုးမိဘတွေဆီကို လည်း တစ်စောင်ချင်းပေးခဲ့တယ်။ သေဆုံး သူတွေကို ရည်စူးပြီး ဖေဖော်ဝါရီ (၂၇)ရက် မနက်မှာရေကြောင်းပို့ဆောင်ရေး ကော်ပို ရေးရှင်းအနေနဲ့ သပိတ်သွပ်ရက်လည် ဆွမ်းကျွေးဖို့ စီစဉ်ခဲ့တယ်။ အဲသည့်နေ့ စာရင်းအရ တိုးအေးခရီးသည် (၈၆)ဦး အသက်ရှင်ခဲ့ပြီး (၄၆)လောင်း ပြန်တွေ့ခဲ့တယ်။ (၄၂)ဦး ပျောက်နေတုန်းလို့ သိရတယ်။

တိုးအေးနစ်မြုပ်မှု အတွက် ဂျပန်က ဝမ်းနည်းကြောင်း ကြေးနန်းပို့ခဲ့တယ်။ ဂျပန် ကုမ္ပဏီက (၂)ဦး ရန်ကုန်လာမယ် လို့လည်း အကြောင်းကြားခဲ့တယ်။ ရန်ကုန်မြစ်ထဲမှာ ဂျပန်ကုန်တင် သင်္ဘောကြီးနဲ့ မြန်မာကူးတို့ သင်္ဘောတို့ တိုက်မိကြတဲ့ အတွက် အလွန်ပင် စိတ်မကောင်း ဖြစ်ကြရတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး မဆာယိုရှိအိုဟီရာက ကြေးနန်း ပို့ခဲ့တယ်။ ဂျပန်သယ်ယူပို့ဆောင်ရေး ဝန်ကြီး တိုရာဆာဘူရိုရှင်တာနီ ကလည်း ဝမ်းနည်းကြောင်း ကြေးနန်းပို့ခဲ့တယ်။

ဘုံဘေမာရူး သင်္ဘောပိုင်ရှင်များဖြစ်ကြတဲ့ မစ်ဆုအိအိုအက်စ်ကေ သင်္ဘောလိုင်း ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဂျိရိုဂွန်ဒါနဲ့ အဲသည့်သင်္ဘောကို ငှားရမ်းအသုံးပြုသူများဖြစ်တဲ့ ဘာသာဒိုင်ကို သင်္ဘောကုမ္ပဏီရဲ့ဥက္ကဋ္ဌ တိုယိုဟိကိုယာဘုကီကလည်း ပို့ဆောင်ရေး ဝန်ကြီးရဲ့အကြံပေးချက်အရ အဲသည့်ကိစ္စကို ပြီးပြေအောင် ဆောင်ရွက်ဖို့ ချက်ချင်း ရန်ကုန်ကို သွားဖို့စီစဉ်ခဲ့ပြီး အဲသည်လို ဖြစ်ရတဲ့အတွက် ဝမ်းနည်းကြောင်းလည်း ထုတ်ဖော်ပြောခဲ့တယ်။

ဖေဖော်ဝါရီ (၂၄)ရက်မှာတော့ နောက်ထပ် (၁၉)လောင်း ဆယ်ရခဲ့တဲ့ အတွက် စုစုပေါင်း (၆၅)လောင်း ရခဲ့တယ်။ ထပ်မံဆယ်ရခဲ့တဲ့ ဆိပ်ကမ်းသာလမ်း (လွစ္စလမ်း)နေ ဆရာဝန် ဦးလှမော်(၂၆)နှစ်၊ ကမ်းနားလမ်းရှိ စထရင်းဟော်တယ်က အလုပ်သမား စောဂျင်မီဒွေ၊ ကြည့်မြင်တိုင်ထီးတန်းဈေးကလေးကမသိန်းဟန်(၃ဝ)နှစ်၊ ဗားကရာကမ်းနား လမ်းနေမောင်စိန်မင်း(၂၄)နှစ်၊ ဆိပ်ကမ်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနမှူးဦးစိုးဝင်း(၄၅)နှစ်၊ ကန်တော်ကလေး လူအိုရုံလမ်းနေ ဦးမောင်လေး (၆၁)နှစ်၊ သမိုင်းကျိုက္ကလားရပ်နေကိုတင်ဦး(၃ဝ)နှစ်၊ ဒလဆန်တန်းနေ ဦးဘရှိန်(၅၅)နှစ်၊ ¤င်း၏သမီး ရေကြောင်းပို့ဆောင်ရေး ကော်ပိုရေးရှင်းမှ စာရေးမ ခင်စိန်(၂၉)နှစ်၊ မြို့မလမ်းနေ မောင်ဝင်းမောင်(၂၇)နှစ်၊ ဗျောတန်းနေ မခင်လှ ဝင်း(၂၂)နှစ်နှင့် ညောင်ကုန်းနေမောင်လှစိုး(၁၇)နှစ်တို့ပါဝင်သည်။ ဆက်ရခဲ့တဲ့ (၆၅)လောင်းမှာ အမည်၊ နေရပ်သိတဲ့သူ(၅၆)ဦးရှိခဲ့တယ်။ (၄၄)လောင်းကို ရန်ကုန်ဆေးရုံကြီးရေခဲတိုက်က သက်ဆိုင်ရာဆွေမျိုးမိဘများထံ သင်္ဂြိုဟ်ဖို့ ထုတ်ပေးခဲ့တယ်။ ရေနစ်သေဆုံးသူတွေရဲ့ အလောင်းတွေကို သယ်ယူခဲ့ရာမှ သေသူတချို့ထံက ရွှေငွေလက်ဝတ်လက်စားတွေကို ဆိပ်ကမ်းမြို့နယ် ကယ်ဆယ်ရေးကော်မတီက ရှာဖွေပုံစံနဲ့ သိမ်းဆည်းခဲ့တယ်။ အဲသည့် ပစ္စည်းတွေကို သက်ဆိုင်သူတွေထံကို ပြန်ပေးဖို့အတွက် တိုင်းလုံခြုံရေး နဲ့အုပ်ချုပ်မှုကော်မတီဝင်များနဲ့ဆိပ်ကမ်းမြို့နယ်ကယ်ဆယ်ရေး ကော်မတီ တို့က ညှိနှိုင်းပြီး ပြန်ပေးဖို့လည်း စီစဉ်ခဲ့တယ်။

အဲသည်နေ့ မနက်(၉)နာရီက လူမှုဝန်ထမ်းဌာနမှဒုဝန်ကြီးဦးဗန်းကူးလ် နဲ့အဖွဲ့တို့ဟာ ဒလမြို့နယ်ကိုသွားရောက်ပြီး သင်္ဘောနစ်မြုပ်ရာမှာပါခဲ့သူ တွေရဲ့ အိမ်တွေကို သွားရောက်ပြီး ဆွေမျိုးမိဘများကို အားပေးစကား ပြောခဲ့တယ်။

ဖေဖော်ဝါရီ(၂၃)ရက်မှာ စာရင်းအရ တိုးအေးသင်္ဘောပေါ်မှာ ပါခဲ့တဲ့ခရီးသည် စုစုပေါင်း(၁၈၆)ဦးရှိခဲ့တယ်လို့ သိရတယ်။ အသက်ရှင်လျက် ပြန်တွေ့ရသူတွေ စာရင်းမှာတော့ ရန်ကုန်က ယောက်ျား(၂၄)ဦးနှင့်မိန်းမနှစ်ဦး၊ ဒလမှယောက်ျား(၃၅)ဦးနှင့်မိန်းမ တစ်ဦး၊ တွံတေးမှယောက်ျား(၁၅)ဦး၊ ကော့မှူးမှ ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦး၊ ကွမ်းခြံကုန်းမှ ယောက်ျားလေးဦးနှင့် မိန်းမသုံးဦး၊ မော်လမြိုင်ကျွန်းမှ မိန်းမတစ်ဦးဖြစ်ရာ ပေါင်း(၈၇)ဦးတို့ ဖြစ်တယ်။

ပျောက်ဆုံးနေသူ စာရင်းမှာတော့ ရန်ကုန်မှ ယောက်ျားကိုးဦးနှင့် မိန်းမငါးဦး၊ ဒလမှ ယောက်ျား(၃၆)ဦးနှင့် မိန်းမ(၁၈)ဦး၊ တွံတေးမှ ယောက်ျားရှစ်ဦးနှင့်မိန်းမ(၁၁)ဦး၊ ကော့မှူးမှ ယောက်ျားသုံးဦးနှင့် မိန်းမနှစ်ဦး၊ ကွမ်းခြံကုန်းမှ ယောက်ျားတစ်ဦးနှင့် မိန်းမ တစ်ဦး၊ ဖျာပုံမှ မိန်းမတစ်ဦးနှင့် မော်လမြိုင်ကျွန်းမှ ယောက်ျားနှစ်ဦးနှင့် မိန်းမနှစ်ဦးဖြစ်ရာ ပေါင်း(၉၉)ဦး ပါဝင်တယ်။

အဲသည့်နေ့က သေဆုံးပြီး အလောင်းပြန်ရတဲ့စာရင်းမှာ ရန်ကုန် မှ ယောက်ျားကိုးဦးနှင့် မိန်းမငါးဦး၊ ဒလမှ ယောက်ျား(၁၃)ဦးနှင့်မိန်းမ (၁၁)ဦး၊ တွံတေးမှယောက်ျားတစ်ဦးနှင့်မိန်းမတစ်ဦး၊ ကော့မှူးမှ ယောက်ျားတစ်ဦး၊ ဖျာပုံမှမိန်းမတစ်ဦး၊ အမည်မသိရသေးသူ ယောက်ျား(၁၅)ဦးနှင့် မိန်းမရှစ်ဦး၊ စုစုပေါင်း (၆၅)ဦးဖြစ်တယ်။

အဲသည်နေ့အထိ ရန်ကုန်ဆေးရုံကြီးရေခဲတိုက်မှ အလောင်း (၅၄)လောင်း ထုတ်ယူသွားပြီးဖြစ်လို့ ရေခဲတိုက်မှ ယောက်ျား အလောင်း(၁၄)လောင်းနှင့် သန်လျင်ဆေးရုံရှိ မိန်းမအလောင်း တစ်လောင်းအပါအဝင် မိန်းမအလောင်းခုနစ်လောင်းပေါင်း(၂၁) လောင်း ကျန်နေတယ်လို့ သိရတယ်။

ဖေဖော်ဝါရီ(၂၅)ရက်၊ နေ့လယ်(၁၂)နာရီအထိ သက်ဆိုင်ရာ ဆွေမျိုးမိဘများကို စောင့်ဆိုင်းခဲ့ပြီး လာရောက်ထုတ်ယူခြင်းမရှိတဲ့ အလောင်းတွေကို သက်ဆိုင်ရာက ¤င်းတို့အစီအစဉ်နဲ့ သင်္ဂြိုဟ်ဖို့ စီစဉ်ခဲ့တယ်။ ဖေဖော်ဝါရီ(၂၅)ရက်မနက်မှာ ရန်ကုန်တိုင်း လအက အလုပ် အမှုဆောင်ကော်မတီဝင်များဖြစ်ကြတဲ့ဦးစောထွန်းစိန်၊ ဦးပေါက်ဖော်၊ ဦးတက်ထွန်း၊ ဦးသံဗျင်၊ ဦးချင်းစိန်၊ ဦးထွန်းကြည်၊ တိုင်းလူမှုရေး ဆပ်ကော်မတီအတွင်းရေးမှူး ဦးဘို၊ တိုင်းအထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှူး ဦးလှထွန်းနဲ့အဖွဲ့ဝင်တွေက တိုးအေးသင်္ဘော နစ်မြုပ် ရာမှာ သေဆုံးခဲ့ရရှာတဲ့ ဒလအံ့ကြီးမြို့နယ်ထဲက ခရီးသည်တွေ ရဲ့နေအိမ်ကိုသွားရောက်ပြီး သေဆုံးသူတွေရဲ့ မိဘဆွေမျိုးသား ချင်းတွေနဲ့တွေ့ဆုံပြီး ဝမ်းနည်းစကား၊ အားပေးစကားပြောကြား ခဲ့တယ်။ တိုးအေးသင်္ဘောဆယ်ယူဖို့ တပ်မတော်ရေငုပ်အဖွဲ့နဲ့ ရေကြောင်းပို့ဆောင်ရေးကော်ပိုရေးရှင်း ရေငုပ်အဖွဲ့တို့က ကြိုးချည်၊ ကြိုးသိုင်းမှုတွေ ဆောင်ရွက်ခဲ့တယ်။

တိုးအေးသင်္ဘောနစ်မြုပ်ရာမှာပါရှိပြီး ပျောက်ဆုံးနေတဲ့ခရီးသည် (၈၈)ဦးအနက် အဲသည်နေ့ ညနေ(၆)နာရီအထိ နောက်ထပ်(၅)ဦး လာပြီး စာရင်းပေးပို့ကြတဲ့အတွက် ပျောက်ဆုံးနေသူ (၁ဝ၄)ဦးရှိပြီး အသက်ရှင် လွတ်မြောက်လာသူ (၈၇)ဦးရှိခဲ့တယ်။

အဲသည့်နေ့ ညနေ(၆)နာရီအထိ ရှာဖွေရေးက သေဆုံးနေတဲ့ ဒလမြို့နယ် အုတ်တန်းလမ်း အမှတ်(၂၆၇)နေ ကိုသန်းအောင်(၂၅) နှစ်၊ စမ်းချောင်း မုံ့လက်ဆောင်းကုန်း မိုးမခလမ်း အမှတ်(၅၈)နေ မဝင်းရီ(၂၃)နှစ်၊ အမည်မသိ အသက်(၁၃)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး စုစုပေါင်း (၃)ဦးတို့၏ရုပ်အလောင်းတွေကို ထပ်တွေ့ခဲ့ကြပြန်တယ်။ အဲသည့်နေ့ ညနေ (၆)နာရီအထိ သေဆုံးသူအမျိုးသား(၄၁)ဦးနဲ့ အမျိုးသမီး(၂၆)ဦး စုစုပေါင်း(၆၇)ဦးရဲ့ရုပ်အလောင်းတွေကို ရှာတွေ့ခဲ့ကြတယ်။ သက်ဆိုင်ရာ မိဘဆွေမျိုးတွေက ပြန်ယူသွားတဲ့ ရုပ်အလောင်းပေါင်း ကျား(၃၇)ဦး၊ မ(၂၅)ဦး၊ စုစုပေါင်း(၆၂)ဦး ရှိခဲ့တယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အမည်မဖော်နိုင်သေးတဲ့ အမျိုးသား (၄)ဦးနဲ့ အမျိုးသမီး(၁)ဦးတို့ရဲ့ အလောင်းတွေကို လသာမြို့နယ် ပါတီယူနစ်၊ ကောင်စီ၊ မြို့နယ်လအက၊ ပြည်သူ့ရဲတပ်ဖွဲ့နဲ့ ပြည်သူ့ဆေးရုံကြီးတို့က တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ညှိနှိုင်း ပြီး သင့်တင့်တဲ့အစီအစဉ်နဲ့သင်္ဂြိုဟ်ခဲ့တယ်။ သန်လျင် ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ အသက်(၂ဝ)ခန့်အမျိုးသမီးတစ်ဦးရဲ့ အလောင်းကိုလည်း သက်ဆိုင်ရာ မြို့နယ်ပါတီ၊ ကောင်စီ၊ လအကတွေက သင်္ဂြိုဟ်ပေးခဲ့တယ်။ လိုအပ်တဲ့ အကူအညီတွေ ပေးဖို့အတွက် မြို့နယ်(၂၇)ခုက ကြက်ခြေနီ(၂ဝဝ)ကျော် လုပ်အားလာပေးခဲ့ပြီး ဆိပ်ကမ်းမြို့နယ် ကြက်ခြေနီတွေက လွဲရင် ကျန်တဲ့မြို့နယ်ကြက်ခြေနီတွေဟာ အဲသည့်နေ့ ညပိုင်းမှာ ပြန်လည်ရုပ်သိမ်းခဲ့ကြတယ်။

ဖေဖော်ဝါရီ(၂၇)ရက် မနက်(၁ဝ)နာရီမှာ ဒလသင်္ဘောကျင်းရှေ့မှာရှိတဲ့ ဝတိမ် သင်္ဘောပေါ်မှာ သံဃာတော်(၁၅)ပါးကို ဆွမ်းဆက်ကပ်လှူဒါန်းပြီး သေဆုံးသူတွေအတွက် အမျှအတမ်းပေးဝေခဲ့တယ်။ ဆွမ်းဆက်ကပ်ရာကို ရန်ကုန်တိုင်း လအကဥက္ကဋ္ဌ ဦးမင်းညီ၊ တိုင်းလအက အတွင်းရေးမှူး ဦးသိန်းအောင်နဲ့အဖွဲ့ဝင်များ၊ ရေကြောင်းပို့ဆောင်ရေးကော်ပို ရေးရှင်း အမှုဆောင်ညွှန်ကြားရေးမှူး ဦးလှဝင်းနဲ့တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒလမြို့နယ်ပါတီ ယူနစ်ဥက္ကဋ္ဌ ဦးမင်းအောင်နဲ့အဖွဲ့ဝင်များ၊ မြို့နယ်လအက ဥက္ကဋ္ဌဦးဗခင်နဲ့အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့အလုပ်သမားကောင်စီဥက္ကဋ္ဌ ဦးညွန့်၊ မြို့နယ်ပြည်သူ့ကောင်စီဥက္ကဋ္ဌ ဦးမြင့်သိန်းနဲ့ကောင်စီနှစ်ရပ်က အလုပ်အမှုဆောင်ကော်မတီဝင်များ၊ သေဆုံးသူတွေရဲ့ မိဘဆွေမျိုးသားချင်းများ တက်ရောက်ခဲ့ကြတယ်။တိုးအေးသင်္ဘောနစ်မြုပ်ရာမှာပါဝင် သေဆုံးခဲ့ကြတဲ့ခရီးသည်တွေထံက သိမ်းဆည်းထားတဲ့ပစ္စည်းတွေကို ဖေဖော်ဝါရီ(၂၈) ရက်ကနေ မတ်လ(၅)ရက်နေ့အထိ နေ့စဉ် နံနက် (၁ဝ)နာရီကနေ မွန်းလွဲ(၁)နာရီအတွင်း ဆိပ်ကမ်းမြို့နယ် လအကရုံးမှာ ပြန်ထုတ်ပေးဖို့လည်း စီစဉ်ပေးခဲ့တယ်။

တိုးအေးသင်္ဘောနစ်မြုပ်ရာမှာ ပါဝင်အသက်ဆုံးခဲ့ရတဲ့ခရီးသည်တွေအတွက် ရည်စူး ပြီး မေတ္တာပို့ပရိတ်ရွတ်ပွဲကို အဲသည်နေ့ ညနေ(၅)နာရီခွဲမှာ ပန်းဆိုးတန်း ကျန်းမာရေး ဆိပ်ကမ်းဘောတံတားပေါ်မှာ ပြုလုပ်ခဲ့တယ်။ ပရိတ်ရွတ်ပွဲအပြီးမှာ မြစ်ရိုးတစ်လျှောက် မေတ္တာရေသွန်းလောင်းပြီး ဆုတောင်းမေတ္တာပို့ခဲ့ကြတယ်။

မတ်လ(၁)ရက်မှာတော့ မြန်မာနိုင်ငံသို့ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံက မစ်ဆုအိ အိုအက်စ်ကေ သင်္ဘောလိုင်း ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ မစ္စတာဂျိရိုဂွန်ဒါ၊ ဂျပန်နိုင်ငံ ဘာသာ ဒိုင်ကို သင်္ဘောကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ မစ္စတာတိုယိုဟိ ကိုယာဘုကီနဲ့အဖွဲ့ဝင်တွေက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို သွားရောက်ပြီး တိုးအေးသင်္ဘောနစ်မြုပ်ရာမှာ ပါရှိခဲ့တဲ့ သေဆုံးသူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေအတွက် ကူညီထောက်ပံ့ငွေ ဒေါ်လာငွေနှစ်သောင်း (မြန်မာငွေ ၉၆၂၇၆ကျပ်)တန် ချက်လက်မှတ်ပေးခဲ့တယ်။ မစ်ဆုအိအိုအက်စ်ကေသင်္ဘော လိုင်းဥက္ကဋ္ဌမှာလည်း မြန်မာငွေ (၄၈၁၃၈)ကျပ်တန် ချက်လက်မှတ်ပေးခဲ့တယ်။ သက်ဆိုင်ရာ က ကျန်ရစ်သူမိသားစုတွေကို ထောက်ပံ့ငွေ (၃၈၈)ကျပ်(၅ဝ)ပြား ပေးအပ်ခဲ့တယ်။

မတ်လ(၄)ရက်မှာတော့ သေဆုံးသူကျား၊မ (၁၈)ဦးရဲ့ ကျားနာရီ (၆)လုံး၊ မနာရီ (၃)လုံး၊ ဆွဲကြိုး (၅)ကုံး၊ မတပ် ကြယ်သီး (၂)စုံ၊ လက်ကောက် (၃)ရံ၊ နားကပ် (၉)ရံ၊ လက်စွပ် (၁၇)ကွင်းကို ပြန်ပေးခဲ့တယ်။ ကျန်ရှိနေတဲ့ သေဆုံးသူ(၁၄)ဦးရဲ့ ကျားနာရီ(၃)လုံး၊ မနာရီ(၃)လုံး၊ ဆွဲကြိုး(၂)ကုံး၊ နားကပ် (၅)ရံ၊ ငွေ (၂ဝ)ကျပ်၊ပြား(၇ဝ)၊ ဖောင်တိန်(၃)လက် ကို ပြန်ပေးနိုင်ဖို့ စီစဉ်ခဲ့တယ်။

မတ်လ(၆)ရက်မှာတော့ ပန်းဆိုးတန်းဆိပ်ကမ်းမှာဖော်ထားတဲ့ တိုးအေးသင်္ဘော အပေါ်ထပ်ကြမ်းပြင်မှ သင်္ဘောက အကာအရံတွေကို ဆိပ်ကမ်းကော်ပိုရေးရှင်းလုပ်သား တွေက ဖြတ်တောက်ဖျက်ဆီးပြီး ရေစစ်ချိန်မှာ သင်္ဘောထဲဆင်းရှာကြရာ ကြိုးချည်ထား တဲ့ မိန်းမအလောင်းတစ်လောင်းအပြင် လူခေါင်းခွံနှစ်ခုကိုလည်း တွေ့ခဲ့တယ်။ရေစစ်ချိန်မှာ သင်္ဘောဝမ်းဗိုက်ထဲမှာရှိတဲ့ ရွှံ့တွေကို ဆိပ်ကမ်းလုပ်သားတွေက မီးသတ်ပိုက်နဲ့ မှုတ်ထုတ်ခဲ့ ကြတယ်။ သင်္ဘောထဲက အဝတ်အစားတွေ၊ လက်နှိပ်ဓာတ်မီးနဲ့ အခြားသင်္ဘောအသုံး အဆောင်ပစ္စည်းတွေရခဲ့တယ်။ အဲသည့်နေ့ နေ့လယ်ပိုင်းက တိုးအေးသင်္ဘောဆလင်ခန်း နဲ့စက်ခန်းမှာရှိတဲ့ သင်္ဘောမောင်းနှုန်းအချက်ပြကိရိယာကို သက်ဆိုင်ရာက စစ်ဆေးကြည့်ရှု ဓာတ်ပုံ ရိုက်ခဲ့တယ်။ သင်္ဘောပဲ့ပိုင်းကိုလည်း ရွှံ့နွံထဲကနေ ဆက်လက်ဖော်ထုတ်ဖို့ စီစဉ်ခဲ့တယ်။တိုးအေးသင်္ဘောတိုက်မှုနဲ့ပတ်သက်ပြီး ပုဒ်မ၃ဝ၄(က)အရ အရေးယူ ဖမ်းဆီးထားတဲ့ တိုးအေး ဆလင်မောင်ကြွေနဲ့ သင်္ဘောသား (၉)ဦးကို မတ်လ(၂၂)ရက်အထိ ဆက်ချုပ်ထားဖို့ ဆိပ်ကမ်းရဲတပ်စခန်းက ဆိပ်ကမ်းမြို့နယ် ပြည်သူ့တရားရုံးမှာ ရမန်ထပ်ယူခဲ့တယ်။ မတ်လ(၁၄)ရက်မှာတော့ တိုးအေးသင်္ဘောက ခါးလယ်က ပြတ်သွားတဲ့ နေရာကို ဆိပ်ကမ်း လုပ်သားကြီးတွေက ဖြတ်တောက်ခဲ့တယ်။ သင်္ဘောဦးပိုင်းကို အဲသည့်နေ့ညပိုင်းမှာ လုံးဝ ဖြတ်တောက်ပြီး ဦးပိုင်းကို ညပိုင်းမှာ ဆင်ပြောင်သင်္ဘောနဲ့ ဆွဲမ,ယူထားပြီး ညဥ့်နက်ရေတက်ချိန်မှာ ပန်းဆိုးတန်းဆိပ်ကမ်း အစပ်ကို ဆွဲတင်ဖို့စီစဉ်ခဲ့တယ်။ သင်္ဘောဦးပိုင်းကို အပိုင်းပိုင်း ဖြတ်တောက်ပြီး အင်းစိန်ရွာမ သံရည်ကျိုစက်ကို ပို့ဖို့လည်း စီစဉ်ခဲ့တယ်။ ရေစပ်မှာ နစ်မြုပ်နေတဲ့ သင်္ဘော ဆလင်ခန်းကို ဆက်လက် သယ်သွားဖို့လည်း စီစဉ်ခဲ့တယ်။ သင်္ဘောဦးပိုင်းကို ဖော်ထုတ်ရာမှာတော့ ကိုယ်အထက်ပိုင်း တစ်ပိုင်းပါတဲ့ မိန်းမအလောင်းတစ်လောင်းနဲ့ ယောက်ျားအလောင်း တစ်လောင်း ထပ်ရခဲ့တဲ့အတွက် သေဆုံးသူ(၉၁)ဦး ရှိခဲ့တယ်။

မတ်လ(၁၇)ရက်မှာတော့ တိုးအေးမြုပ်တုန်းက သေခဲ့တဲ့သူ (၂)ဦးကို အထူးကိစ္စအဖြစ်နဲ့ အသက်အာမခံကြေး (၆ဝဝဝ)ကျပ်စီ ထုတ်ပေးခဲ့တယ်။ သူတို့နှစ်ဦးဟာ အသက်အာမခံထားခဲ့လို့ပဲ ဖြစ်တယ်။ မတ်လ(၂၁)ရက်၊ ညနေ(၅)နာရီမှာတော့ တိုအေးသင်္ဘော ပဲ့ပိုင်းကို ဆယ်နိုင်ခဲ့ပြီး ပန်းဆိုးတန်း ကျန်းမာရေးဆိပ်ကမ်း ကမ်းနဖူးမှာ ထိုးတင်ခဲ့ကြတယ်။ ဒါပေမဲ့အလောင်းနဲ့ပစ္စည်း တစ်စုံ တစ်ရာမတွေ့ခဲ့ကြဘူးလို့ဆိုတယ်။အဲသည့်နေ့မှာ ဆိပ်ကမ်းမှာ တာဝန်ချထားတဲ့ ဆိပ်ကမ်းကြက်ခြေနီတပ်ဖွဲ့စခန်းကိုလည်း ရုတ်သိမ်းခဲ့တယ်။ တိုးအေးသင်္ဘောက စက်ကို ဖြုတ်ယူပြီး ကျန် သင်္ဘောကကိုယ်ထည်ကိုဖျက်ပြီး သံရည်ကျိုစက်ကို ပို့မယ်လို့ သိရတယ်။ မတ်လ(၂၆)ရက်မှာတော့ (၁၉၅ဝ)ခုနှစ်၊ စုံစမ်းရေး ကော်မတီများ အက်ဥပဒေပုဒ်မ(၃)အရ၊ တရားရုံးချုပ်ဦးသန်း အောင် ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့စုံစမ်းရေးကော်မတီကို ဖွဲ့စည်းခဲ့တယ်။ ကော်မတီကို ဥပဒေအကြံÓာဏ်ပေးဖို့ ရှေ့နေချုပ်ရုံးက ဥပဒေ ဝန်ထမ်းအဆင့်(၁)ဦးဘမောင်ကို တာဝန်ပေးခဲ့တယ်။ စုံစမ်း ရေးကော်မတီက တစ်လအတွင်း စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို တရားရေးဝန်ကြီးဌာနကို တင်သွင်းရမှာဖြစ်တယ်။

မတ်လ(၂၉)ရက် မနက်(၁ဝ)နာရီကစပြီး စုံစမ်းရေးကော် မတီဟာ တရားရုံးချုပ်ရုံးခန်းအမှတ်(၅)မှာ စတင်စစ်ဆေးခဲ့တယ်။ အဲသည်လို့ စစ်ဆေးရာမှာဘုံဘေမာရူးကို တာဝန်ယူရတဲ့ ရေကြောင်းအရာရှိဟာ ပထမဆင့်ရေကြောင်းပြအရာရှိ ဦးကျော် ဝင်း ဖြစ်တယ်။ သင်္ဘောတိုက်မိတဲ့အချိန် ဖေဖော်ဝါရီ(၂၁)ရက်၊ ညနေ (၄)နာရီ(၁ဝ)မိနစ်မှာ ကြိုးမဲ့ကြေးနန်းသတင်းရခဲ့တယ်။

တိုးအေးသင်္ဘောတိုက်မိချိန်ဟာ ရေတက်ချိန်ဖြစ်တယ်။ ရေထရက်လည်း ဖြစ်တယ်။ ဒီရေတက်နှုန်းဟာ တစ်နာရီကို ရေမိုင်(၃)မိုင်၊(၄)မိုင်ခန့်ရှိတယ်။ အဲသည့်အချိန်မှာ လေဟာ အရှေ့တောင်ဘက်ကနေ တစ်နာရီကို (၁၅)မိုင်နဲ့ မိုင်(၂ဝ)အကြား တိုက်နေတယ်လို့ သိရတယ်။ တိုးအေးသင်္ဘောကို ဂျပန်မှာ (၁၉၅၅)ခုနှစ်က တည်ဆောက်ခဲ့ပြီး (၃၁၊ ၁၊ ၁၉၅၆)ခုနှစ်မှာ စတင်အသုံးပြုခဲ့တယ်။ တိုးအေးသင်္ဘောဟာ အရင်က ရန်ကုန်-တွံတေး ခရီးသည် ပို့ဆောင်ရေးအတွက်ဖြစ်တယ်။ (၁၉၇၂)ခုနှစ်၊ ဒီဇင်ဘာမှ ရန်ကုန်-ဒလခရီးစဉ်ကို အသုံးပြုခဲ့တယ်။ ရိုးရိုးတန်းခရီးသည် (၂၇၃)ယောက် ဝန်တင်အင်အား ရှိတယ်။ ခရီးရှည် အတွက် (၂၁၅)ယောက် ဖြစ်တယ်။ အထက်တန်းခရီးသည် (၆)ယောက် တင်ဆောင်နိုင်တယ်။ တိုးအေးရေယာဉ်အုပ် ဦးကြွေနဲ့ တက်မကိုင် ဦးကျော်တို့ဟာ မြစ်တွင်းသွား တတိယတန်းကျွမ်းကျင်မှု လက်မှတ် ရထားသူတွေ ဖြစ်တယ်။ (၁၉၇၂)ခုနှစ်၊ ဒီဇင်ဘာမှာ တိုးအေးရေယာဉ်ကို စစ်ဆေးခဲ့ရာမှာ ချို့ယွင်းချက် မရှိခဲ့ဘူးလို့ ဆိုတယ်။

မတ်လ(၃ဝ)ရက် တိုးအေးအမှုကို စစ်ဆေးတဲ့အခါ ဒလ သမာဓိကွက်သစ် အမှတ် (၁၁၈)နေ ဒလသင်္ဘောကျင်း အလုပ်သမား ကိုမောင်ထွန်း(၅ဝ)နှစ်က သူဟာ တိုးအေး သင်္ဘောနစ်မြုပ်ချိန်မှာ သင်္ဘောရဲ့ အောက်ထပ်ဦးပိုင်း ညာဘက်မှာ ရှိနေခဲ့တယ်။ တက်မ စင်ရဲ့ နောက်ပိုင်း (၁ဝ)ပေအကွာမှာလို့ဆိုတယ်။ တိုက်တော့မယ်၊ တိုက်တော့မယ်လို့ အော်သံကြားလို့ ကြည့်လိုက်တဲ့အခါ ပင်လယ်ကူးသင်္ဘောကြီးတစ်စင်းကို တိုးအေးဟာ ပေ(၅ဝ)အကွာလောက်မှာ တွေ့ရတယ်လို့ဆိုတယ်။ သူထိုင်နေတဲ့နေရာရဲ့ အနောက်ဘက် (၄)ပေအကွာမှာ ပင်လယ်ကူးသင်္ဘောဦးပိုင်းနဲ့ တိုးအေးဟာ ထိသွားခဲ့တယ်။ ရေစီးသန် နေတဲ့အတွက် တိုးအေးသင်္ဘောဟာ ပင်လယ်ကူးသင်္ဘောရဲ့ဦးပိုင်းကို ဘေးတိုက်ရွေ့နေတယ်။ ပင်လယ်ကူး သင်္ဘောကလည်း တိုးအေးသင်္ဘောဘက်ကို နည်းနည်းချင်း ရွေ့လျားနေတယ်။ အရှိန်ကတော့ မများဘူးလို့ ဆိုတယ်။ သင်္ဘောက တိုက်တိုက်ချင်း ကျောက် ချလိုက်တယ်လို့ဆိုတယ်။ ပင်လယ်ကူးသင်္ဘော ဦးပိုင်းဟာ တိုးအေးသင်္ဘော ကိုယ်ထည်ထဲကို ဝင်လာတဲ့အတွက် ခရီးသည်တွေ အတက်အဆင်းနေရာက သံပြားတွေ ပြတ်ထွက် သွားတယ်။ ပင်လယ်ကူးသင်္ဘောဦးပိုင်းက တိုးအေးသင်္ဘောထဲကို (၇)ပေ၊ (၈)ပေလောက် ဝင်ခဲ့တယ်လို့ ဆိုတယ်။

အဲသည်လို ပင်လယ်ကူးသင်္ဘောရဲ့ဦးပိုင်းက တိုးအေးသင်္ဘောရဲ့ကိုယ်ထည်ထဲကို ဝင်လာတဲ့အခါ တိုးအေးသင်္ဘောဟာလည်း ဘယ်ဘက်ကို တဖြည်းဖြည်းစောင်းသွားခဲ့ တယ်။ကိုမောင်ထွန်းဟာ သင်္ဘောစောင်းလာတာနဲ့ အပေါ်ကို ခြေကုတ်ယူပြီး တက်လိုက် တယ်။ အဲဒါကြောင့်လည်း သင်္ဘောမှောက် သွားတဲ့အခါ သင်္ဘောဗိုက်ပေါ်ကို ရောက်သွားခဲ့တယ်။ အဲသည့်နောက် ကိုမောင်ထွန်းက ရေထဲကိုခုန်ချလိုက်တယ်။ သူ ပြန်ပေါ်လာတဲ့အခါမှာ လာပြီးကယ်ကြတဲ့လှေတွေ၊ သမ္ဗာန် တွေ၊ မော်တော်တွေတွေ့ရတယ်။ သမ္ဗာန်တစ်စင်းက သူ့ကိုဆွဲတင်လိုက်တယ်။ အဲသည့် အချိန်မှာ အသံတစ်သံကျယ်ကျယ်လောင်လောင်ကြားလိုက်ရတယ်။ သံပြားတွေကွဲတဲ့ အသံမျိုးလို့ ဆိုတယ်။

ဒလ ကမာကဆစ်ကွက်သစ် အမှတ်(၂ဝ၄)မှာနေတဲ့ သင်္ဘောသားကိုစိန်မောင် (၃၇)နှစ်ကတော့ သူဟာ တိုးအေးသင်္ဘောအောက်ထပ်ပဲ့ပိုင်းမှာ လိုက်ပါခဲ့သူလို့ဆိုတယ်။ သူရေသောက်နေချိန်မှာဒိုင်းခနဲ အသံကြားလိုက်ရလို့ ရေထဲခုန်ချခဲ့သတဲ့။

ဒလ ညောင်တုန်း အမှတ်(၁ဝ၁)မှာ နေတဲ့ အကူလုပ်သားမောင်သန်းဝင်း(၁၉)နှစ် ကလည်း သူဟာ တိုးအေးသင်္ဘောပဲ့ပိုင်းမှာ လိုက်ပါလာသူဖြစ်တယ်။ တိုးအေးသင်္ဘောက ရန်ကုန်မြစ်ထဲဖြတ်ကူးနေချိန်မှာ ပင်လယ်ကူးသင်္ဘောဦးနဲ့ ဘေးတိုက်ဖြစ်နေတာကို ဝါးနှစ်ပြန်လောက်မှာ သူစတွေ့လိုက်တယ်။ ပင်လယ်ကူးသင်္ဘောကြီးရဲ့ ပန်ကာထိပ်ဟာ လည်မနေဘဲရပ်နေတာတဲ့။ သူဟာ တိုးအေးသင်္ဘော စက်ခန်းနောက်ဘက်မှာ ရပ်နေတာကြောင့် ပင်လယ်ကူးသင်္ဘောရဲ့ ပဲ့ပိုင်းကျရေးရေးမြင်ရတာကြောင့် ပန်ကာမလည်တာကို သတိထားတာလို့ ဆိုတယ်။

ဒလဘီအိုစီရပ်ကွက်၊ ကမ်းနားလမ်း၊ အမှတ်(၇၇၁)မှာနေတဲ့ သားရေလုပ်ငန်း လုပ်သူ ကိုလှမြင့်(၃၅)နှစ်(လျှပ်တစ်ပြက်မှ သွားရောက်တွေ့ဆုံခဲ့သူ)က သူဟာ တိုးအေး သင်္ဘောအောက်ထပ် ကုန်ပေါက်ပေါ်တွင် လိုက်ပါခဲ့သူဖြစ်တယ်။ လူတွေက မလွတ်ဘူး၊ မလွတ်ဘူး နောက်ပြန်ဆုတ်၊ နောက်ပြန်ဆုတ် လို့ အော်တဲ့အခါမှာ သူလှမ်းကြည့်လိုက်တော့ ပင်လယ်ကူးသင်္ဘောနဲ့ တိုးအေးသင်္ဘောဟာ (၆)ပေ၊ (၇)ပေလောက်ပဲကွာတော့တယ်လို့ ဆိုတယ်။ ပင်လယ်ကူး သင်္ဘောက အရှေ့ဖက်ကို နည်းနည်းရွေ့နေတယ်။ ဒါပေမဲ့ အရှိန်တော့ မရှိ ဘူးလို့ ဆိုတယ်။ တိုးအေး အတက်အဆင်းလှေကား နဲ့ ပင်လယ်ကူးသင်္ဘောဦး တို့ တည့်နေတယ်။ တိုက် လိုက်တဲ့အခါ တိုးအေး သင်္ဘောက နောက်ပိုင်းကွဲ သွားပြီး ပင်လယ်ကူး သင်္ဘောဦး ဝင်လာတာ သတိထားလိုက်မိတယ်။ တိုးအေးသင်္ဘောလဲသွား တဲ့အခါ ကိုလှမြင့်က သူ လည်းရေထဲရောက်သွား တယ်။ ရေထဲရောက်တဲ့ အခါ တိုးအေးသင်္ဘော ရဲ့အောက်ထပ်ကြားထဲ ရောက်နေတာ သတိထား မိတယ်။ သူပြန်ပေါ်လာတဲ့အခါမှာ တိုးအေးသင်္ဘောက ရေပေါ်မှာ တစ်တောင်သာသာ လောက်ပဲ ရေပေါ်ပေါ်နေတာ တွေ့လိုက်ရတယ်လို့ဆိုတယ်။

အံ့ကြီး ရွာမက ကျောင်းသား ရန်အောင်(၂၂)နှစ်က သူဟာ (၂၁၊ ၂၊ ၁၉၇၃)ရက်၊ ညနေ(၃)နာရီ(၄၅)မိနစ်မှာ တိုးအေးသင်္ဘောပေါ်ကိုရောက်တယ်။ ကျောင်းကဆင်းလာပြီး ဒလကူးဖို့ သင်္ဘောပေါ်ရောက်ခဲ့တယ်။ အပေါ်ထပ်အလယ်ပိုင်းမှာ ရန်ကုန်ဘက်ကမ်းကို မျက်နှာမူပြီး သူ့သူငယ်ချင်းတွေနဲ့ အတူထိုင်နေတယ်။ သင်္ဘောထွက်ပြီး သင်္ဘောကွေ့လိုက် တာကို သူ သတိထားမိလိုက်တယ်။ လူတွေ ဆူဆူညံညံအသံလည်း ကြားလိုက်ရတယ်။ ခရီးသည်တွေက သင်္ဘောရဲ့လက်ယာဘက်မှာ ရပ်နေကြတဲ့အတွက် သင်္ဘောကစောင်း သွားနိုင်တာကြောင့် ဆက်ထိုင်နေကြတာပဲဖြစ်ပြီး သံဆန်ခါကိုကျော်ပြီး အခြေအနေကို သွားကြည့်လိုက်တယ်။ သူ့စိတ်ထဲမှာ သမ္ဗာန် ဒါမှမဟုတ် ဗော်ယာနဲ့တိုက်မိတယ်လို့ ထင်ပြီး ရေထဲငုံ့ကြည့်လိုက်တော့ ဘာမှမတွေ့ရဘူး။ အပေါ်လည်းမော့ကြည့်လိုက်ရော သူရပ်နေတဲ့နေရာနဲ့ ပေ(၁ဝဝ)အကွာမှာ ပင်လယ်ကူးသင်္ဘောကိုတွေ့လိုက်ရတာပဲ။ အဲသည့်အခါကျမှ သူလည်းကြောင်ကြည့်နေပြီး ခရီးသည်တွေနဲ့အတူ သင်္ဘောပဲ့ပိုင်းကို ပြေးသွားလိုက်တယ်။ ပဲ့ပိုင်းကိုရောက်တဲ့အချိန်မှာ တိုးအေးသင်္ဘောနဲ့ ဘုံဘေမာရူးသင်္ဘော တို့အကြားမှာ တစ်ပေ၊ နှစ်ပေလောက်ပဲ ကွာတော့တယ်။ အဲသည့်နောက် ဘုံဘေမာရူး သင်္ဘောဦးပိုင်းက တိုးအေးသင်္ဘောရဲ့အလယ်ပိုင်းကို တီပုံသဏ္ဌာန် ကန့်လန့်ဖြတ်တိုက် လိုက်တာ။ အဲသည်လိုလည်း တိုက်လိုက်ရော သူလဲကျသွားတယ်။ သူပြန်ထလိုက်တဲ့အခါ ခုန်ချ၊ ခုန်ချဆိုတဲ့အသံတွေ ကြားလာရတယ်။ အဲဒါကြောင့် ခုန်ချမယ်ဆိုပြီး သူများတွေ နည်းတူ ကာထားတဲ့သံဆန်ခါကိုကျော်ပြီး ရေထဲခုန်ချဖို့ ပြင်လိုက်တယ်။ သူခုန်မချခင် ကြည့်လိုက်တဲ့အခါမှာ တိုးအေးသင်္ဘောရဲ့ ပန်ကာဟာ လည်နေတာကိုမြင်ရတယ်။ သူရှေ့ က လူတစ်ယောက် ချော်ကျသွားပြီး ပန်ကာနဲ့ထိသွားသလား မပြောတတ်ဘူး။ အဲသည့် လူကို မတွေ့ရတော့ဘူး။ အဲသည့်အခါမှ သူလည်းသတိရပြီး ဘုံဘေမာရူးသင်္ဘောဘက် ဦးတည်ပြီး (၄၅)ဒီဂရီမျက်နှာမူပြီး ခုန်ချလိုက်တယ်။ အဲသည်လို ခုန်ချလိုက်တဲ့အခါမှာ ရေထဲမှာပေါ်နေတဲ့ ဝဲလေးထဲခုန်ချမိလျက်သား ဖြစ်သွားတယ်။ အဲသည့်နောက် သူရေထဲ ကပြန်ပေါ်လာပြီး ဆက်ကူးသွားတဲ့အခါ ပျဉ်ပြားတစ်ချပ်ကိုတွေ့လိုက်တယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေဆောင်ရွက်နေတဲ့ သမ္ဗာန်ပေါ်သူရောက်သွားတယ်။ သင်္ဘောတစ်စင်းနဲ့တစ်စင်း က မတိုက်မီ တစ်ပေ၊ နှစ်ပေလောက် အလှမ်းကွာနေတဲ့အထိ သင်္ဘောနှစ်စင်းလုံးက ကွေ့နေခဲ့ကြတာ သူသတိထားမိတယ်။ အဲသည့်တုန်းက တိုးအေးဟာ အရှေ့ကိုသွားတဲ့ အရှိန်နဲ့ရွေ့နေတယ်။ ဘုံဘေမာရူးသင်္ဘောကတော့ ရပ်အံ့ဆဲဆဲအချိန်မျိုးမှာရှိနေတဲ့ အရှိန်နဲ့ ရွေ့နေတယ်။ တိုးအေးဟာ တိုက်ခါနီးအချိန်မှာတော့ ပိုပြီးအရှိန်ပိုများတယ်လို့ ပြောခဲ့တယ်။

ဒလမြို့နယ်၊ အလယ်လမ်း၊ အမှတ်(၁၆)မှာနေတဲ့ ကျောင်းသားထွန်းထွန်းနိုင် (၁၈)နှစ်ကတော့ သူဟာသင်္ဘောမတိုက်မီက သင်္ဘောဦးပိုင်း၊ အပေါ်ထပ်လက်ယာဘက်မှာ စာထိုင်ဖတ်နေလို့ ဘာမှသတိမထားမိခဲ့ဘူး။ ခရီးသည်တချို့က တိုက်တော့မယ်လို့ အော်နေတဲ့အသံကြားလို့ ကြည့်လိုက်တဲ့အခါ ဘုံဘေမာရူးသင်္ဘောဦးပိုင်းကို တိုးအေး သင်္ဘောက ကျော်ဖြတ်နေတာတွေ့ရတယ်။ တိုးအေးသင်္ဘောက (၃)ချိုး(၁)ချိုးလောက် ဖြတ်တယ်။ အပြီးမှာ ဘုံဘေမာရူးသင်္ဘောနဲ့ တိုက်မိတာလို့ ဆိုတယ်။ သူစတွေ့တဲ့အချိန်က သင်္ဘောတစ်စင်းနဲ့ တစ်စင်း (၁ဝ)ပေလောက် ကွာတယ်။ အဲသည့်တုန်းက တိုးအေးသင်္ဘောဟာ အရှေ့ကို ဦးတည်မောင်းနေတယ်။ ဘုံဘေမာရူးသင်္ဘောကလည်း အရှိန်နဲ့ တိုးအေး သင်္ဘောဘက်ကို ခပ်နှေးနှေးရွေ့နေတယ်။ အဲသည့်အခါ သူလည်း သင်္ဘောနောက်ပိုင်းကို ပြေးပြီး ရေထဲခုန်ချလိုက်တာပဲလို့ ဆိုတယ်။

ဒလ၊ အံ့ကြီး၊ ရွာမအရှေ့၊ အမှတ် (၄၅၁)မှာနေတဲ့ စာရေးမောင်ဝင်းတင် (၂၆)နှစ် က သူဟာ တိုးအေးသင်္ဘောကို ညနေ(၃)နာရီ(၄၅)မိနစ်မှာ စီးနေကျဖြစ်တယ်။ (၂၁၊ ၂၊ ၁၉၇၃)ရက်မှာ တိုးအေး သင်္ဘောဟာ နောက်ကျနေတယ်။ ညနေ (၄)နာရီထိုးလုနီးမှ ထွက်တယ်။ တိုးအေးသင်္ဘောဟာ ပတ္တမြားသင်္ဘောကိုလည်း ကမ်းက ခွာတုန်းမှာ ကျော် တက်ခဲ့သေးတယ်။ ပတ္တမြားသင်္ဘောကို ကျော်တက်နေတုန်းမှာပဲ တိုးအေးသင်္ဘောဟာ ချက်ချင်းဆိုသလို တွံတေးကားဂိတ်ကို ဦးတည်ပြီးကွေ့လိုက်တယ်။ ကွေ့တဲ့အချိန်မှာ တိုးအေးသင်္ဘောဟာ စက်အရှိန်လျော့သွားတာ သူသတိထားလိုက်မိတယ်။ အဲသည်လို တိုးအေးသင်္ဘောကွေ့နေချိန်မှာ ရေကြောင်းကော်ပိုရေးရှင်းပိုင် သင်္ဘောတစ်စင်းဖြတ် သွားတာကိုလည်း သူတွေ့လိုက်တယ်။ အဲသည့်သင်္ဘောဟာလည်း တိုးအေးအရွယ်အစား မျိုးပဲလို့ဆိုတယ်။ အဲသည့်သင်္ဘောကိုဖြတ်ကျော်ပြီးတဲ့နောက်မှာ လူတွေအော်သံကို သူကြားလိုက်ရတာပါပဲ။ သူလှည့်ကြည့်လိုက်တော့ ပင်လယ်ကူးသင်္ဘောတစ်စင်းဟာ တိုးအေးဘက်ကိုလာနေတာ တွေ့ရတယ်။ တစ်စင်းနဲ့တစ်စင်း(၁၅)ပေလောက်ပဲကွာမယ်။ အဲသည့်အချိန်မှာ တိုးအေးသင်္ဘောဟာ ပင်လယ်ကူးသင်္ဘောရဲ့ သုံးပုံတစ်ပုံလောက်ကို ဖြတ်ပြီးနေပြီ။ တိုးအေးသင်္ဘောဟာလည်း ရေစီးနဲ့ပါနေတာကို သတိထားမိတယ်။ ပေ(၂ဝ) လောက်အကွာမှာတော့ ပင်လယ်ကူးသင်္ဘောဟာ လုံးဝရပ်မနေပေမဲ့ ကျောက်ဆူးချလိုက် တယ်။ သင်္ဘောကြီးရဲ့ညာဘက် ဒလဘက်ကျတဲ့ကျောက်ဆူးကိုချလိုက်တဲ့အချိန်မှာပဲ သင်္ဘောချင်းတိုက်မိတာပဲလို့ ဆိုတယ်။ ဒလ၊ အံ့ကြီး၊ အရှေ့အောင်သပြေလမ်း၊အမှတ်(၂၉၃)မှာနေတဲ့ စက်ကိရိယာတပ် ဆင်တဲ့သူ ဦးကင်းလုံ(၅၂)နှစ်ကတော့ တိုးအေးသင်္ဘောဟာ ပတ္တမြားသင်္ဘောကိုကျော်ပြီး တောင်ဘက်ဖြစ်တဲ့ လက်ယာဘက်ကို ဦးတည်လှည့်လိုက်တဲ့အခါ ခရီးသည်တွေ နောက်ခိုင်း ကျောပေးပြီးပြေးလာနေတာကို တွေ့လိုက်ရတယ်။ သူကြည့်လိုက်တဲ့အချိန်မှာ ပေ(၅ဝ) အကွာမှာ အပြာရောင်သင်္ဘောတစ်စင်းကို တွေ့ရတယ်။ အဲသည့်အချိန်မှာ တိုးအေး သင်္ဘောရဲ့ဦးပိုင်းက ပင်လယ်ကူးသင်္ဘောကဦးပိုင်းကို မကျော်ဖြတ်ရသေးဘူးလို့ ဆိုတယ်။

အဲသည့်နောက် ပင်လယ်ကူးသင်္ဘောကလည်း တိုးအေးသင်္ဘောဘက်ကို ရွေ့ လာတာကိုတွေ့ရတယ်။ တိုးအေးသင်္ဘောဟာလည်း ပင်လယ်ကူးသင်္ဘောကိုဖြတ်ကျော်ဖို့ ဆက်ပြီးခုတ်မောင်းနေတာ တွေ့ရတယ်။ ဒီရေနဲ့စီးပြီးရွေ့နေတာ တွေ့ရတယ်လို့ဆိုတယ်။ အဲသည့်နောက် တိုးအေးသင်္ဘောအောက်ထပ်မှာရှိတဲ့ခရီးသည်တွေ အတက်အဆင်းလုပ် တဲ့ဘေးပိုင်းနဲ့ ပင်လယ်ကူးသင်္ဘောရဲ့ဦးပိုင်းနဲ့ တိုက်မိကြတယ်။ အဲသည်လို တိုက်လိုက်ချိန် မှာ သူလည်း ထိုင်ခုံကနေ အောက်ဘက်ကိုလိမ့်ကျသွားလို့ သံလက်ရမ်းကိုကိုင်ပြီး ထွက်လိုက်ချိန်မှာ ရေလုံးကရိုက်ထည့်လိုက်တော့ သူလည်း အပြင်ဘက်ရေထဲကျသွားခဲ့တယ်။

သင်္ဘောချင်းမတိုက်မီမှာ ခရီးသည်တွေအားလုံးဟာ တိုးအေးသင်္ဘောရဲ့လက်ဝဲဘက် ကို ပြေးလာကြတော့ သင်္ဘောဟာ နည်းနည်းစောင်းသွားခဲ့တယ်။ သင်္ဘောချင်းတိုက်လိုက် တဲ့အခါ ရေဝင်တဲ့အထိ စောင်းသွားတယ်။ သူစီးလာတဲ့အပေါ်ထပ်မှာ ခရီးသည်(၉ဝ) လောက်ရှိတယ်လို့ ဆိုတယ်။ ဦးကင်းလုံက သူဟာ ရေသာချိန်မှာသင်္ဘောစီးပြီး ရေစီး ကြမ်းချိန်မှာ ကူးတို့သင်္ဘောစီးတတ်တယ်။ တိုးအေးသင်္ဘောမခွာမီမှာ သင်္ဘောကြီးက ဥသြတစ်ချက်ဆွဲသံ သူကြားလိုက်သေးတယ်လို့ဆိုတယ်။ သူသင်္ဘောပေါ် ထိုင်မိချိန်မှာ ဘုံဘေမာရူးသင်္ဘော ထွက်လာတာကိုတွေ့လိုက်တယ်။ အဲသည့်အချိန်မှာ တိုးအေးသင်္ဘော ဟာ ကမ်းကနေ မခွာရသေးဘူး။ သင်္ဘောခွာပြီးတဲ့နောက်မှာ လက်မှတ်လာစစ်တယ်။ တစ်ခြားသင်္ဘောသားတွေ ထူးထူးခြားခြားလုပ်တာကိုင်တာ မတွေ့ဘူးလို့ဆိုတယ်။

ဒလ၊ အောင်မင်္ဂလာရပ်ကွက်၊ အမှတ်(၃ဝ၄)နေ ရေကြောင်းကော်ပိုရေးရှင်းက မောင်ကျော်မြင့်(၂၈)နှစ်ဟာ တိုးအေးသင်္ဘောဦးပိုင်းအပေါ်ထပ်မှ လိုက်ပါခဲ့သူဖြစ်တယ်။ သူသတိထားကြည့်မိတဲ့အခါ တိုးအေးနဲ့ဘုံဘေမာရူးသင်္ဘောတို့ဟာ ဝါးတစ်ပြန်လောက်ပဲ ဝေးတော့တယ်။ွှပုံစံမျိုးလို့ ဆိုတယ်။ တိုးအေးသင်္ဘောဟာ ရှေ့ကိုမသွားတော့ဘူး။ ပင်လယ်ကူးသင်္ဘောဟာ တိုးအေးသင်္ဘောဘက်ကိုရွေ့လာပြီး တိုးအေးသင်္ဘောရဲ့ ဆလင် ခန်းကို တည့်တည့်ဝင်တိုးသွားခဲ့တယ်လို့ ဆိုတယ်။

ဒလ၊ အောင်မင်္ဂလာ(၁)လမ်း၊ အမှတ်(၂ဝ၈)မှာနေတဲ့ ရေကြောင်းကော်ပိုရေးရှင်းက မောင်တင်လှ(၂၈)နှစ်ဟာ သူဟာ တိုးအေးသင်္ဘောပဲ့ပိုင်းမှာ စီးလာခဲ့သူဖြစ်တယ်။ သင်္ဘော ဟာ ဦးကြိုးကိုအရင်လွှတ်တယ်။ ဦးပိုင်းကစပြီး ကမ်းကခွာတယ်။ ပြီးတော့ ရေစုန်ဘက် ကို ချိုးတယ်။ ပဲ့ပိုင်းမှာတော့ လက်မှတ်စစ်တစ်ယောက်ကို တွေ့တယ်။ လက်မှတ်စစ်ပြီး ပြန်သွားတယ်။ တစ်ခြားသင်္ဘောသားတွေကို တစ်ယောက်မှမတွေ့ဘူးလို့ ဆိုတယ်။

ဒလ၊ အောင်မင်္ဂလာလမ်း၊ အမှတ်(၃၉၄)မှာနေတဲ့ ဆိပ်ကမ်းကော်ပိုရေးရှင်းက မောင်ရွှေခိုင်(၃၆)နှစ် (လျှပ်တစ်ပြက်မှသွားရောက်တွေ့ဆုံခဲ့သူ)က ပန်းဆိုးတန်းဆိပ်ကမ်းကို ရောက်တဲ့အခါ တိုးအေးသင်္ဘောက ကမ်းမှာရှိနေပြီး ဒလဘက်က ခရီးသည်တွေ ဆင်း နေကြတုန်းလို့ ဆိုတယ်။ သူအပေါ်ထပ်တက်ပြီး စာဖတ်နေတုန်း လူတွေလှုပ်လှုပ်ရှားရှား ဖြစ်နေလို့ ကြည့်လိုက်တဲ့အခါ ပင်လယ်ကူးသင်္ဘောကြီးရဲ့ဦးပိုင်းကို တွေ့ရတယ်။ သူတွေ့ လိုက်ရချိန်မှာ သင်္ဘောတစ်စင်းနဲ့တစ်စင်း ပေ(၁ဝဝ)လောက်ပဲကွာတယ်။ တိုးအေးသင်္ဘော နဲ့ပင်လယ်ကူးသင်္ဘောတို့ တိုက်မိကြတဲ့အချိန်မှာ သူလည်းရေထဲရောက်သွားတယ်။ ရေကူး ရင်းနဲ့ ပင်လယ်ကူးသင်္ဘောပေါ်ကချပေးလိုက်တဲ့ ကုလားထိုင်တစ်ခုကို ကိုင်ထားလိုက်တယ်။ တိုးအေးသင်္ဘောကိုကြည့်လိုက်တဲ့အခါ ဘေးဘက်စောင်းနေပြီး ပဲ့ပိုင်းက နည်းနည်း ထောင်နေတယ်။

သစ်လုပ်ငန်း ကော်ပိုရေးရှင်းက ကိုထွန်းကြည်(၂၃)နှစ်က သူဟာ (၁၉၆၆)ခုနှစ်က တတိယတန်းအဆင့် လက်မှတ်ရပြီး (၁၉၇ဝ)မှာ ဒုတိယတန်း ရေယာဉ်အုပ် ဖြစ်လာတယ်။ ရန်ကုန်မြစ်ထဲမှာ (၁၂)နှစ် အတွေ့အကြုံရှိသူ ဖြစ်တယ်။ သင်္ဘောချင်းတိုက်မိတော့ သူက မော်တော်နဲ့ ခရီးသည် (၂၃)ဦးကို ကယ်ပေးခဲ့တယ်။

ဒလမှာနေတဲ့ ရန်ကုန်ပြည်သူ့ဘိလပ်ရေစက်ရုံက အလုပ်သမား ကိုရွှေအေးက သူနဲ့မောင်ဝင်းဇော်(သေဆုံး)တို့ဟာ ဖေဖော်ဝါရီ(၂၁)ရက်၊ ညနေ(၃)နာရီ(၅၅)မိနစ်မှာ ပန်းဆိုးတန်းဆိပ်ကမ်းကိုရောက်ကြတယ်။ သူတို့ဆိပ်ကမ်းရောက်တဲ့အချိန်အထိ တိုးအေးက မရောက်သေးဘူးလို့ ဆိုတယ်။ (၁၅)မိနစ်လောက်ကျမှ ဒလဘက်က ခရီးသည်တစ်ဝက် နဲ့ရောက်လာတယ်လို့ ဆိုတယ်။ သင်္ဘောဆိုက်ပြီး (၁၅)မိနစ်ကြာတဲ့အခါမှာ ခရီးသည် (၃ဝဝ)လောက်တင်ပြီး ဆိပ်ကမ်းကထွက်ခဲ့တယ်။ ဆိပ်ကမ်းကမခွာမီ ဥသြအတို နှစ်ချက်၊ အရှည်တစ်ချက် ဆွဲတယ်လို့ဆိုတယ်။ သင်္ဘောချင်းတိုက်တော့မယ့်အချိန်မှာ အပေါ်ထပ် ကနေ အောက်သို့ပြေးဆင်းပြီး ပဲ့ပိုင်းကိုပြေးတယ်။ သေသွားတဲ့ ကိုဝင်းဇော်လည်း သူ့လို ပဲဆင်းပြေးလာတာတွေ့တယ်။ သူကတော့ အဲသည်လိုပြေးလာနေတုန်းမှာ လူတစ်ယောက် နဲ့တိုက်မိပြီး လက်ဝဲဘက်ကို လွင့်ကျသွားတယ်။ သူနဲ့အတူ ခရီးသည်(၂ဝ)လောက် ရေထဲမှာ ကူးနေကြတယ်။ သူကတော့ သင်္ဘောကြီးကပစ်ချတဲ့ဘောကို တွယ်ဖို့ရလိုက်တယ်။ ရန်ကုန် ဆေးရုံကြီးမှာ(၆)ရက်လောက်တက်လိုက်ရတယ်။ လုပ်သားဆေးရုံမှာလည်း တစ်လလောက် တက်လိုက်ရတယ်လို့ ဆိုတယ်။

ကမာကသွယ်၊အမှတ်(၁၂၅/၃)လမ်း၊ ကမာကဆစ်ရပ်ကွက်နေအထက်တန်းကျောင်း သား မောင်မြင့်ဌေး(၁၂)နှစ်က သူဟာ ကမာကဆစ် အလကမှာ (၅)တန်းဖြေထားတယ်။ သူဟာ ပန်းဆိုးတန်းဆိပ်ကမ်းမှာဈေးရောင်းပြီး ဒလဘက်ကိုပြန်လာတယ်။ တိုးအေးပေါ် ရောက်တော့ ပဲ့ပိုင်းမှာထိုင်တယ်။ အဲသည့်အချိန်က ရေအရမ်းစီးနေတော့ ခရီးသည်တွေ စောင်းတဲ့ဖက်ကိုပြေးတဲ့အခါ သူလည်းပြေးလိုက်သွားတယ်။ တိုးအေး သင်္ဘောစောင်း သွားတဲ့အခါ အပြင်ဘက်ဘေးကနေပြီး ခေါင်မိုးပေါ်တက်လိုက်တယ်။ ခေါင်မိုးပေါ် ရောက်သွားတဲ့အခါ သင်္ဘောမြုပ်သွားလို့ သူလည်း ရေစီးအတိုင်းကူးသွားလိုက်တယ်။ သူ့ကို သမ္ဗာန်တစ်စင်းပေါ် ဆွဲတင်လိုက်တယ်။

ကမာကသွယ်(၁)လမ်း၊ အမှတ် (၄၇)နေ၊ ကုန်သွယ်ရေး(၁၅)က ပန်းချီဆရာ မောင် ဟန်ညွန့်(၂၉)နှစ်က သူဟာ တိုးအေးသင်္ဘောခေါင်းတိုင်တည့်တည့်အပေါ်ထပ် ညာဘက်မှာ စီးလာတယ်။ လူတစ်ယောက်၊ နှစ်ယောက်ဖြတ်ပြေးတာကိုတွေ့လို့ လှမ်းကြည့်လိုက်တဲ့ အခါ တိုးအေးနဲ့ပေ(၅ဝ)အကွာလောက်မှာ ဂျပန်သင်္ဘောဦးပြာကြီးကို တွေ့ရတယ်။ အဲဒီအချိန်မှာ တိုးအေးက ဒလဘက်ကို ခုတ်မောင်းနေတာ တွေ့ရတယ်။ တိုးအေးနဲ့ အဲဒီသင်္ဘောကြီးတိုက်မိတဲ့အခါ သူလည်းပျဉ်ပြားနှစ်ချပ်ကိုကိုင်ပြီး သူလည်းရေထဲရောက် သွားတယ်။ အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ကိုလည်း တွေ့ရတယ်။ သူ့နား မှာ ဆံပင်ဖြူဖြူနဲ့လူတစ်ယောက်ပေါ်လာလို့ ပျဉ်ပြားတစ်ချပ်ပေးလိုက်တယ်။ အဲဒီလူ အသက်ရှင်သွားတယ်လို့ ပြောတယ်။

အဖြစ်အပျက်တွေမြန်လွန်းတယ်။ စက္ကန့်ပိုင်း၊ မိနစ်ပိုင်းလေးမှာ လူတွေရဲ့ဘဝတွေ၊ ကံကြမ္မာတွေကို ရေအောက်ထဲဆွဲချပစ်လိုက်တယ်။ အဓိက တာဝန်အရှိဆုံးဖြစ်တဲ့ တိုးအေး သင်္ဘောကရေယာဉ်အုပ်ဦြးေ<ွက(၃၆)နှစ်က အဲဒီနေ့ညနေ(၃)နာရီမှာ ပန်းဆိုးတန်းဆိပ်ကမ်း ကနေ ရေယာဉ်အုပ်အဖြစ်ဆောင်ရွက်ပြီး တိုးအေးသင်္ဘောကို ထွက်ခွာစေခဲ့တယ်။ အဲဒီ အခေါက်က ဒလ၊အံ့ကြီးကိုသွားပြီး ရန်ကုန်ပြန်ခဲ့တယ်။ ပန်းဆိုးတန်းဆိပ်ကမ်းရောက်တဲ့ အခါမှာ သင်္ဘောကိုပင်ဘယ်ဘက်ဦးလှည့်လိုက်တယ်။ ဘယ်အချိန်မှာ ကမ်းကပ်တယ်ဆိုတာ သတိမထားမိဘူး။ သင်္ဘောကိုကမ်းကပ်တဲ့အခါမှာ သင်္ဘောကြိုးချည်ပြီး ခရီးသည်တွေ ကိုတင်တယ်။ သူဟာ ညနေ(၃)နာရီ၊(၄၆)မိနစ်မှာ ဥသြရှည်(၂)ချက်ဆွဲပြီး ပန်းဆိုးတန်း ဆိပ်ကမ်းက ထွက်ခဲ့တယ်။ ထွက်ပြီး(၂)မိနစ်အကြာမှာ တိုးအေးသင်္ဘောဟာ သင်္ဘောကြီး နဲ့တိုးမိတော့တာပဲ။

ပန်းဆိုးတန်းဆိပ်ကမ်းကခွာပြီး ညာဘက်ချိုးချလိုက်တဲ့အခါမှာ ပင်လယ်ကူးသင်္ဘော ရဲ့ ရှေ့မရောက်တရောက် ကန့်လန့်ချင်းဆိုင်တဲ့သဘောမျိုးဖြစ်သွားတယ်။ အဲဒီအခါမှာ တိုးအေးသင်္ဘောဟာ ရှေ့လည်းမသွားနိုင်၊ နောက်လည်း မလှည့်နိုင်၊ ပြန်လည်းမဆုတ် နိုင်ဖြစ်နေတယ်။ နောက်ကိုဆုတ်ရင် မလွတ်တော့ဘူးလို့ သူယူဆတယ်။ ဒါကြောင့် သူ့ရဲ့ တက်မကို လက်ယာဘက်ကိုအကုန်ပေးပြီး ညာဘက်ကို အစွမ်းကုန်လှည့်လိုက်တယ်။ စက်ကိုလည်း အရှေ့အကုန်မောင်းဖို့ အချက်ပေးလိုက်တယ်။ ညာကုန်ပေးပြီး စက်ကုန် မောင်းရင် သင်္ဘောကြီးရှေ့က ဖြတ်ကွေ့လိုက်လို့ရှိရင် ဘေးချင်းပွတ်သွားလိမ့်မယ်လို့ သူအောက်မေ့တယ်။ သူ့တက်မကို ညာဘက်ကိုအကုန်ပေးပြီး စက်ကိုလည်း အမြန်ဆုံး မောင်းဖို့ အချက်ပေးလိုက်တယ်။ အဲဒီလို စက်ကိုအကုန်ပေးနေတဲ့အချိန်မှာ ခရီးသည်တွေ ဟာ သင်္ဘောပေါ်မှာ ပြေးလွှားလှုပ်ရှားနေတဲ့အတွက် သင်္ဘောကလှုပ်နေတယ်။ ရှေ့ကို စက်အကုန်ရသလား၊ မရလား သူလည်းမသိတော့ဘူး။ တိုက်မိလိုက်တဲ့အခါမှာ သူမောင်း နေတဲ့ တိုးအေးသင်္ဘောဟာ ပင်လယ်ကူးသင်္ဘောရဲ့ဦးကို နည်းနည်းကျော်နေပြီ။ တက်မစင် ကိုလည်း ကျော်သွားပြီ။ စက်ခန်းအနားမှာ တိုက်မိခြင်းဖြစ်တယ်။ ပင်လယ်ကူးသင်္ဘောဟာ လည်း ပင်လယ်ဘက်ကို ဦးတည်နေပြီး တိုးအေးသင်္ဘောဟာလည်း ရေစုန်နဲ့ပါနေတယ်။ ခပ်စောင်းစောင်းလေး တိုက်မိကြတာဖြစ်တယ်။

သင်္ဘောပေါ်မှာ စက်ဘက်ဆိုင်ရာ ဝန်ထမ်း(၃)ယောက်၊ စာရေး(၁)ယောက်၊ သင်္ဘောသား (၅)ယောက်ကို သူအုပ်ချုပ်ရတာ ဖြစ်တယ်။ တက်မကိုင် ကိုကျော်နဲ့ သင်္ဘောသား မောင်ဘသန်းကို လက်မှတ်စစ်ဖို့ တာဝန်ပေးထားပြီး သင်္ဘောသားမောင်လှရွှေနဲ့ မောင်စိုးထွန်းတို့က ကူညီရတာ ဖြစ်တယ်။ သူတို့က လှေကားတွေမှာ စောင့်ပြီး လက်မှတ်စစ်တဲ့အခါ ခရီးသည်တွေ ဟိုဘက်ဒီဘက်မကူးရအောင်စောင့်ရတယ်။ မောင်စိုးသိန်းကတော့ ထမင်းချက်ဖို့ပဲ တာဝန်ရှိတယ်။ တစ်ခါတလေကျတော့ သင်္ဘောကြိုးတွေဘာတွေ ဖြုတ်ပေးရတယ်။ မောင်ဘသန်းက သင်္ဘောဆိပ်ကမ်းက ကြိုးဖြတ်တဲ့အချိန်မှာ တက်မစင် အနောက်ဘက် (၁၂)ပေအကွာ သင်္ဘောအောက်ထပ်ရှေ့တံခါးပေါက်မှာနေဖို့ တာဝန်ရှိတယ်။ သင်္ဘော နောက်ဆုတ်မယ်လုပ်ရင် ဥသြ(၃)ချက်ဆွဲပြီး မောင်ဘသန်းက နောက်ကို ကြည့်ရတယ်။ လမ်းရှင်း၊ မရှင်းကြည့်ပြီး လမ်းရှင်းရင် ခရာ(၃)ချက်မှုတ်ရတယ်။ တိုးအေးသင်္ဘောဟာ ရေဆန်ခုတ်ရင်(၈)မိုင်၊ ရေစုန်ခုတ်ရင်(၁၂)မိုင်ရတယ်။ ပန်းဆိုးတန်းဆိပ်ကမ်းကနေ ဒလ ဆိပ်ကမ်းဘက်ကို ရန်ကုန်မြစ်ကန့်လန့်ဖြတ် ခုတ်မောင်းရင် (၅)မိနစ်လောက်ပဲကြာတယ်။ တိုးအေးသင်္ဘော ကမ်းကနေစခွာပြီးတဲ့အချိန်၊ ချိုးကွေ့လိုက်တဲ့ (၂)မိနစ်အတွင်းမှာ သူဟာ ပင်လယ်ကူးသင်္ဘောကိုမတွေ့မိဘူးလို့ဆိုတယ်။ ချိုးကွေ့ပြီး ပေ(၃ဝ)လောက်အကွာမှ ပင်လယ်ကူးသင်္ဘောကို ပထမဆုံးတွေ့လိုက်တယ်လို့ ဆိုတယ်။ သူဟာ သင်္ဘောမထွက်မီ နောက်ဘက်ကို ထွက်မကြည့်မိဘူး။

သူ နောက်ဘက်ကိုမကြည့်ဘူး ဆိုတာကလည်း သင်္ဘော တံတားကနေ ခွာအံ့ဆဲအချိန်မှာ ခရီးသည်တွေ ကျော်တက်လေ့ရှိတဲ့အတွက် ရေထဲကျမှာ စိုးရိမ်ပြီး ဘယ်ဘက်ကို လှမ်းကြည့်ရတာဖြစ်တယ်။ ရှေ့တည့်တည့်ကိုလည်း ကြည့်ရသေးတယ်။ အဲဒါကြောင့် နောက်ဖက်ကိုလည်း ထွက်မကြည့်နိုင်ဘူးလို့ ပြောတာ။ ပြီးတော့ တက်မစင် အနောက်မှာ (၇)ပေ (၈)ပေလောက် သံပြားတွေနဲ့ အခန်းဖွဲ့ထားလို့ သူ့ရဲ့တက်မကိုင် နေရာက လှမ်းကြည့်ရင် အနောက်တည့်တည့်ကို မမြင်ရဘူးလို့ ပြောတယ်။ ဘယ်သင်္ဘောသားကမှ တိုးအေးသင်္ဘောနောက်မှာ သင်္ဘောတစ်စီး လာနေတယ်။ မလွတ်လောက်ဘူးလို့ သတိပေးတာ၊ သတင်းပို့တာလည်း မလုပ်ကြဘူး။ တိုးအေးသင်္ဘောပေါ်မှာ သက်ကယ်ဖောင်(၈)ခုနဲ့ သက်ကယ်ဘော်ရာ (၁ဝ)ခုရှိတယ်။ သက်ကယ်ဘော်ရာတွေကို အလွယ်တကူဖြုတ်လို့ရအောင် ချိတ် ထားတယ်။ သက်ကယ်ဖောင်ကိုလည်း သင်္ဘောမြုပ်ရင် အလိုလိုပြုတ်ထွက်သွားအောင် စီစဉ်ထားတယ်။ သင်္ဘောကြီးဟာ သူနဲ့တွေ့တဲ့အချိန်မှာ ဥသြဆွဲတာမလုပ်ဘူး။ သူ့စိတ် ထင်ပြောရရင် တစ်နာရီကို (၃)မိုင်နှုန်းနဲ့သွားနေတာလို့ ထင်ရတယ်။ သူ့သင်္ဘော ကမ်းက ခွာနေတုန်းမှာ ပုဂ္ဂလိက မော်တော်လေးတစ်စင်းလည်း သူ့ရဲ့ညာဘက်ကနေ ဖြတ်တက် သွားတယ်။ လက်ယာဘက်ပေ(၂ဝ)အကွာကနေ ဖြတ်တက်သွားတဲ့အခါ ဥသြလည်းမဆွဲ ပါဘူး။ မော်တော်လေးကိုသူတွေ့လိုက်တော့ တိုးအေးသင်္ဘောကို ရေဆန်ပေးထားလိုက် တယ်။ အဲဒီမော်တော် သူ့သင်္ဘောကိုလွန်သွားတဲ့အခါကျမှ ညာဘက်ကို (၃)ပုံ(၁)ပုံပေးပြီး ကွေ့လိုက်တယ်။ မော်တော်လေးလွန်သွားတဲ့အခါ ရှေ့တစ်ဝက်မောင်းဆိုပြီး တယ်လီဂရပ် အချက်ပေးလိုက်တယ်။ သင်္ဘောကြီးနဲ့မြင်မြင်ချင်း ဘာမှမလုပ်သေးဘူး။ တိုက်မယ့် ဆဲဆဲဖြစ်တဲ့အချိန်ကျမှ ရှေ့ကိုအမြန်မောင်းဖို့ အချက်ပေးလိုက်တယ်လို့ ပြောတယ်။

ဒလ အမှတ်(၁)လမ်းသစ်မှာနေတဲ့ ရေကြောင်းကော်ပိုရေးရှင်း စာရေးမောင်ဟန်စိန် (၄၁)နှစ်က သူဟာတိုးအေးသင်္ဘောနဲ့အတူ ဒလကမ်းဘက်ကို လိုက်လာတယ်။ သင်္ဘော ထွက်ပြီး ညာဘက်ထိုးကွေ့တဲ့အခါ သင်္ဘောကြီးကိုတွေ့လို့ ဆလင်ကိုလှမ်းပြောကြတယ်။ အဲဒီအချိန်မှာ တိုးအေးသင်္ဘောနဲ့ပင်လယ်ကူးသင်္ဘောဟာ ပေ(၁၅ဝ)လောက် ဝေးနေ သေးတယ်။ ဆလင်ကို ခရီးသည်တွေက ပြောနေတုန်းမှာပဲ ခရီးသည်တစ်ချို့က အောက်ကို ဆင်းလာတယ်။ အဲဒီအချိန်မှာ ခရီးသည်တွေက လက်ဝဲဘက်ကိုသွားရပ်နေတဲ့အတွက် တိုးအေးဟာ ၃ဝဒီဂရီစောင်းသွားတယ်။ တိုးအေးသင်္ဘောဟာ ရန်ကုန်မြစ်ကို ကန့်လန့် ပေးထားတယ်။ ပင်လယ်ကူးသင်္ဘောနဲ့ ပေ(၆ဝ)လောက်အကွာမှာတော့ ခရီးသည်တွေကို ''ကိုင်ထားကြ၊ ကိုင်ထားကြ''လို့ အော်လိုက်တယ်။ အဲဒီအချိန်မှာပဲ သင်္ဘောဟာ ဝင်တိုက် မိပြီး လဲသွားတယ်။ သူလည်း သက်ကယ်ဘောကို ဖြုတ်ယူလိုက်တယ်။ သင်္ဘောဟာ တဖြည်းဖြည်းလဲသွားတဲ့အချိန်မှာ သင်္ဘောဗိုက်ပေါ်မှာ လျှောက်ပြေးနေခဲ့တယ်။ အဲဒီနောက် ကျောက်ကြိုးပေါ် လျှောက်ပြေးနေခဲ့တယ်။ အဲဒီနောက် သူ့ကို ရဲမော်တော်က လာဆယ် သွားတယ်လို့ ပြောတယ်။

ဦးလှမြင့်(ရာဇသင်္ကြန်လမ်းမကြီး၊ ကမ်းနား မြို့ပတ်လမ်း၊ ဗိုလ်ရန်ပြေ ရပ်ကွက်၊ဒလ)

'' အဘသင်္ဘောပေါ်မှာဘယ်လိုပါ လဲဆိုတော့ ဟိုဘက်ကမ်းက သားရေ အိတ်ချုပ်တော့ သားရေတွေဝယ်ပြီး ပြန် လာတာ။ အဘနဲ့အတူ ဘယ်သူမှ မပါ ဘူး။ ပစ္စည်းတွေက သားရေတွေရော၊ ဇစ် တွေရောဆိုရင် ဟို ခေတ်က တန်ကြေးနဲ့ (၄၊၅)သောင်းလောက်ပေါ့။ သိမ်ကြီးဈေးတို့၊ (၂၆) လမ်းဈေးတို့မှာဝယ် တယ်။ အိမ်ကထွက် တော့ ထူးထူးခြားခြား နိမိတ်မရှိပါဘူး။ ခါတိုင်းလည်းသွားနေလာ နေကြဆိုတော့မရှိပါဘူး။ ပြန်တက်လာတဲ့အချိန်ကျတော့ သင်္ဘောလုစီး ရတာပေါ့။ တိုးအေးသင်္ဘော ကမ်းကခွာနေတော့ သင်္ဘောပေါ်ကို ခုန်တက်တာပေါ့။ သင်္ဘောက သတ်မှတ်ချိန်ထွက်တာပါ။ အဘနဲ့အတူ တခြားခုန်တက်တဲ့လူရှိတာပေါ့။ အဲ့ဒီတုန်းက သင်္ဘောက တိုးအေးတစ်စီးပဲ ရှိတယ်။ ကျွန်တော်ကတော့ သင်္ဘောကြုံရင် သင်္ဘော၊ သမ္ဗာန်ကြုံရင် သမ္ဗန်စီးတာပေါ့။ ပစ္စည်းတွေနဲ့ ဘယ်လိုခုန်တက်သလဲ ဆိုတော့ သားရေကို သားများကို ကမ်းပေးလိုက်တယ်။ ဇစ်ကို ကိုယ့်ဘာသာကိုယ် ပိုက်ပြီး ခုန်တက်လိုက်တာပေါ့။ အဲ့ဒီအချိန်မှာ မိုးမရွာဘူး။ သင်္ဘောထွက်တဲ့အချိန် ဟိုဘက်က ဂျပန်သင်္ဘောလာတာကို မသိဘူး။ ကျွန်တော်က ဟက်ဖုံးပေါ်မှာ ထိုင်နေပြီး သန်လျင်ဘက် မျက်နှာမူပြီး သန်လျင် ကျိုက်ခေါက်ဘုရားကို အာရုံပြုနေတာပေါ့။ အဲ့ဒီအချိန်မှာ သင်္ဘောပေါ်မှာ ဆူဆူပူပူ ဖြစ်တော့မှ ဘာဖြစ်တာလဲပေါ့။ စက်ခန်းမီးလောင်လား ဘာလားပေါ့။ အနောက်ဘက်ကို လှည့်ကြည့်လိုက်တဲ့အချိန်မှာ ဂျပန်သင်္ဘောနဲ့ ကျွန်တော်တို့ သင်္ဘောနဲ့က တော်တော်ကိုနီးနေပြီ။ အဲ့ဒီအချိန်မှာ ကျွန်တော်က ရေအခြေအနေကိုကြည့်ပြီးပြေးတာပေါ့။ ရေက တော်တော်တက်နေပြီ။ ကျွန်တော်နှစ်လှမ်းသုံးလှမ်းပဲပြေးရသေးတယ်။ ဟိုဘက်က သင်္ဘောနဲ့ ဒီဘက်ကသင်္ဘော နဲ့ဝင်ဆောင့်တာပေါ့။ သင်္ဘောကခါးကိုတိုက်တာ။ အဲ့ဒီအချိန်မှာမခုန်ချဖြစ်ဘဲ သင်္ဘောနဲ့ ပါသွားတာ။ ရေအောက်ထဲ ရောက်သွားတာပေါ့။ ပစ္စည်းတွေကိုလည်း စိတ်ထဲမှာမရှိတော့ ဘူး။ ရေထဲအကျမှာဟက်ဖုံးကကျွန်တော့်ခေါင်းကို ရိုက်ချတယ်။ အဲ့ဒီမှာရေထဲပြန်ကျ သွားပြန်ရော။ အဲ့ဒီအချိန်မှာဗုံလုံတိုင်ကိုကန်မိတယ်။ ပြီးတော့ ဗုံလုံတိုင်ကိုကန်ပြီးပြန် တက်လာတယ်။ ငါ ခေါင်းထိထားတယ် ဆိုတာ သိလိုက်ပြီး ရေမကူးဘဲ ကိုယ်ကိုဖော့ပြီး ရေစီးနဲ့လိုက်သွားတယ်။ ရေလယ်လောက်ရောက်တော့ ဂျပန်သင်္ဘောပေါ်ကို တွေ့တော့ ကျွန်တော်က လက်ပြတယ်။ အဲ့ဒီအခါ သူတို့ထွက်ကြည့်ကြတယ်။ ပြီးတော့ ပြန်ဝင်သွားတယ်။ ကျွန်တော် ထင်တာကတော့ ဒီဂျပန်တွေ တော်တော်မိုက်ရိုင်းတယ်ပေါ့။ ငါလက်ပြမှ အကုန်ဝင်ကုန်တယ်ပေါ့။ ဘယ်ဟုတ်မလဲ။ သူတို့က ဘောကွင်းပစ်ချတာ။ အဲ့ဒါနဲ့ ဘောကွင်းကိုယူပြီး ကိုယ်ကိုစွပ်ထားလိုက်တယ်။ အဲ့ဒီအချိန်မှာ ကျွန်တော့်အသိ အစ်မကြီး တစ်ယောက် မျောလာတယ်။ သူ့ကို လှမ်းဆွဲလိုက်တယ်။ ပြီးတော့ အနားမှာရောက်လာတဲ့ သမ္ဗာန်နဲ့တင်ပေးလိုက်တယ်။ နောက် ဟိုင်းကြီးက အစ်မကြီး တစ်ယောက်ကတော့ ဆေးရုံရောက်တော့ ဆုံးသွားတယ်။ပြီးတော့ဒီနားက မြုပ်ပြီးတော့ပြန်ပေါ်တာနဲ့ ဘောကွင်း ရတာပဲ။ အဲ့ဒီအချိန်မှာအသက်က(၃ဝ)ကျော်၊(၄ဝ)လောက်ရှိပြီ။ကျွန်တော်ကုန်းပေါ် ရောက်တော့ ဂန္ဓီဆေးရုံခေါ်သွားတယ်။ ကျွန်တော့်ကိုဆေးရုံတက်ဖို့ပြောပေမဲ့ ကျွန်တော်က မနေချင်တော့ ခေါင်းကဒဏ်ရာကို ချုပ်ပြီး ပြန်လာတာပေါ့။ အိမ်ရောက်တော့ အိမ်ကလူတွေက မရှိတော့ဘူး။ သူတို့က ဆေးရုံကြီးမှာ ကျွန်တော့်ကို သွားရှာနေတာပေါ့။ လွတ်လာတာ ဘာကြောင့်လဲလို့ ထင်လဲဆိုတော့ ရေကူးတတ်လို့မဟုတ်ဘူး။ ရေကူးတတ်တဲ့သူ ကျွန်တော့်သူငယ်ချင်းလည်း ပါတယ်။ သူကတော့ သူ့သားဇောကပ်ပြီး သားအဖနှစ်ယောက်စလုံး သေသွားတယ်။ ဂျပန်ဘက်က ထောက်ပံ့ရေးတွေ ဘာတွေတော့ မရပါဘူး။ ကျွန်တော်က ဘာမှမှမဖြစ်တာကိုး။ လွတ်လာတာ ဘာကြောင့်လဲ ဆိုတော့ ဘုရားတရား ဂုဏ်လို့ ပြောရမှာပေါ့။ အဲ့ဒီအချိန်တုန်းက ကျွန်တော်ကရွှေတိဂုံဘုရား အထက်ပစ္ဆယံမှာ (၁)ပတ်ကို (၄)ရက်လောက်တက်ပြီး ပုတီးစိတ်တယ်။ အခုထိ ကျွန်တော့်မှာ အထက်ပစ္ဆယံ တက်တဲ့လက်မှတ်ရှိသေးတယ်။ အခုနောက်ပိုင်းလည်း သင်္ဘောစီးပါတယ်။ ကြုံတာစီးတာပဲ။ ဒလမှာနေတော့ ဘယ်ကင်းပါ့မလဲ။ အဲ့ဒီအချိန်တုန်းက မိသားစု (၇)ယောက်လောက် ရှိတယ်။ ဈေးဝယ်တာကတော့ ကျွန်တော် တစ်ယောက်တည်းပေါ့။ အဲ့ဒီအရင်က မကြုံဖူးဘူး။ ဖြစ်လည်းဖြစ်ခဲပါတယ်။ အခု(၇၂)နှစ် ရှိပါပြီ။ သားရေလုပ်ငန်း မလုပ်တာလည်းကြာပါပြီ။ အနှစ်(၂ဝ)လောက်ရှိပြီပေါ့'' ဦးသန်းဝင်း(အမှတ်-၅၂၅၇၊ ဧရာဝတီလမ်းမကြီး၊ ညောင်ကုန်းရပ်ကွက်၊ ဒလ) ''တိုးအေးသင်္ဘောမှောက်တဲ့အထဲမှာ ဘယ်လိုပါခဲ့တာလဲဆိုတော့ ဦးအရင်က ပြည်သူ့ ဘိလပ်ရည်စက်မှာအလုပ်လုပ်တဲ့အခါ ညနေ ပိုင်းပြန်တော့ (၃)နာရီ(၄၅)ခေါက်မှာ ဦးက တိုးအေးသင်္ဘောနဲ့ ဒီဘက်ကိုပြန် လာတာပေါ့။ ဘယ်လိုစသိလဲဆိုတော့ အမှန်တော့ လူတွေက ကြောက်အားလန့် အားဖြစ်နေကြတယ်။ သင်္ဘောက ဝန်း လုံးဆိုတော့ တစ်ဖက်စောင်းသွားတဲ့ အခါကျတော့ ရေနဲ့သင်္ဘောဖောင်းနဲ့ သွား တိုက်နေတော့ သင်္ဘောကြီးကအသာ လေးတွန်းလှဲလိုက်ရုံပဲဖြစ်နေတာပေါ့။ အဲ့လို စောင်းနေတဲ့အချိန်မှာ ဂျပန်သင်္ဘော ကလည်း အနောက်ကနေအလာ။ ရေကျ ပဲခေါ်မှာပေါ့။ လူတွေဆိုတာကတော့ မိုးရေစိုတာတောင်မှတစ်ဖက်ကပ်သွားတာ မျိုးဆိုတော့အခုလို ကြောက်အားလန့်အား ဖြစ် လာတော့ပိုဆိုးတာပေါ့။ တခြမ်းစောင်းသွားတော့ ဘယ်လိုပြန်တည့်တော့မလဲ။ စက်ခန်း အောက်က ခင်းထားတာကလည်း သံပြားဆိုတော့ ဘယ်လိုမှပြန်တည့်လို့ မရတော့ ရေထဲ ပြုတ်ကျတဲ့သူက ကျပေါ့။ အဲ့ဒီတုန်းကဦးက သင်္ဘောပန်ကာနဲ့ သိပ်မကွာဘူး။ မြုပ်သွားတဲ့အချိန်မှာ သင်္ဘောတက်မတိုင်နောက်မှာ ဦးရဲ့ခေါင်းနဲ့တစ်ချက်ဆောင့်မိတယ်။ ကိုယ့် ကိုယ်ကိုယ် အတတ်နိုင်ဆုံး အသက်မသေအောင်သတိထားရတယ်။ ပြီးတော့ ခုန်ချဖို့ သင်္ဘောသားအိပ်ခန်းဘေးက မီးဖိုမှာ တည်ထားတဲ့ ရေနွေးအိုးကနေ ရေနွေးပူလောင်တာ ကျောကုန်းတစ်ခုလုံးပဲ။ ဆေးရုံ(၂)ရုံမှာ တက်ရတယ်။ စဖြစ်ဖြစ်ချင်း ဆိုတော့ ရန်ကုန် ဆေးရုံကြီးပေါ့။ နောက်မှ အဘတို့က ဝန်ထမ်းဆိုတော့ အလုပ်သမားဆေးရုံ ပြန်ပြောင်းရတယ်။ အဲ့ဒီအချိန်တုန်းက အဘအသက်က (၂ဝ)ဝန်းကျင်လောက်ပဲ ရှိသေးတယ်။ စက်ရုံမှာ အလုပ်ဝင်ခါစပဲ။ အဘတို့စက်ရုံက အလုပ်သမားတွေလည်း ပါတယ်။ ဘယ်သူတွေ လဲတော့မမှတ်မိတော့ဘူး။ အဲ့ဒီအချိန်တုန်းက အဘက ရေကူးတတ်ခါစပဲ ရှိသေးတယ်။ ရေကူးတတ်တာလည်း အဘတို့အိမ်ရှေ့က အလယ်ကျွန်းကန်ကြီးရဲ့ ကောင်းမှုပေါ့။ အဲ့ဒီမနက်က ဘာနိမိတ်မှ ထူးထူးခြားခြား မပြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူငယ်ဆိုတော့ သိပ်လည်းမသိဘူးလေ။ သွားမယ်၊ လာမယ်၊ စားမယ်၊ သောက်မယ်ပဲ။ အဲ့ဒီ အချိန်တုန်းက အဘကလူပျိုလေ။ လူတွေတော်တော်များများ သေတဲ့ကြားက လွတ်လာတာ ဘာကြောင့်လို့ ထင်လဲဆိုတော့ အဘက ဟိုတုန်းက ဘုရားအလုပ်၊ တရားအလုပ် လုပ်တယ်၊ ငါးပါးသီလ လုံခြုံအောင် ထိန်းတယ်။ ရှင်းရှင်းပြောရရင် သူများသားမယား မပစ်မှားဘူး၊ အရက်မသောက် ဖဲမရိုက်ဘူး။ တက်မတိုင်နဲ့ ခေါင်းနဲ့ဆောင့်တဲ့ အချိန်မှာ ဒီလောက်ဆိုတော့ ငါတော့ မသေနိုင်ဘူး။ ငါ့ကိုစောင့်ရှောက်တဲ့ ဆိုင်ရာပိုင်ရာ ပုဂ္ဂိုလ်တွေက ကယ်မှာပဲ ဆိုတဲ့သဘောနဲ့ အိမ်မှာရှိတဲ့ ဘုရားတွေနတ်တွေကို ကျိတ်ပြီး တိုင်တည်တယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ရေထဲမှာ ပါးစပ်ဟလိုက်ရင် ပါးစပ်ထဲကို ဆားငန်ရေတွေက ကွပ်ခနဲဝင်တော့ သိပ်မဟရဲဘူးလေ။ နောက်ဆုံးကျတော့မှ သင်္ဘောဘေးဘောင်တွေ၊ သံတိုင်တွေ ကာထားတဲ့ နေရာကနေ လွတ်အောင်ရုန်းရတာပေါ့။ အဘစီးလာတာက သင်္ဘောအောက်ထပ်မှာလေ။ အဘ ရေကူးပြီး ရန်ကုန်ဘက်ကမ်းကို ပြန်ကူးတာပေါ့။ သင်္ဘော ရေထဲနစ်သွားတဲ့အချိန် အဘရေထဲမှာ ရှိနေတာ (၁၅)မိနစ်လောက်တော့ ရှိတာပေါ့။ သင်္ဘောနဲ့ လွတ်သွားပြီးပေါ်တဲ့အခါ သမ•္ဗာန်က လာကယ်တာပေါ့။ သမ္ဗာန်ပေါ်မှာတော့ အဘလိုလူမျိုး သုံးလေးယောက်တော့ပါတယ်။ ပြီးတော့ ရေဂတ်ကိုကုန်းကြောင်းလျှောက်သွားတာပေါ့။ လမ်းတော့ လျှောက်နိုင်သေး တယ်။ နောက်မှရေဂတ်ကကားနဲ့ပဲ ဆေးရုံကိုလိုက်ပို့ပေးတယ်။ ဦးကိုလာကယ်တဲ့သမ္ဗာန်ကိုတော့ မမှတ်မိတော့ဘူး။ နောက်ဆုံးကျတော့ အဘမှာအတွင်းခံ ဘောင်းဘီနဲ့စွပ်ကျယ်တစ်ထည်ပဲ ကျန်တော့တာပဲပေါ့။ ကိုယ့်ကိုလာဆွဲ တဲ့လူတွေကိုလည်း ကြောက်အားလန့်အားနဲ့ ကန်ခဲ့ရတာပေါ့။ ဂျပန်သင်္ဘောဖက်ကတော့ အဘတို့ကို ဆေးရုံမှာ အိုဗာတင်းတို့ မုန့်တို့ တစ်ခါလာပေးတယ်။ ငွေတော့မပါ,ပါဘူး။ သင်္ဘောမှောက်တာကို အိမ်ကဘယ်လိုသိလဲဆိုတော့ အဖေက အလုပ်သမားရေးရာသင် တန်းတက်တယ်။အဲ့ဒီမှာ ကြားတာပေါ့။ ပြောရရင်ရေတိုင်ကီထဲကို ရေခွက်ထည့်မြှုပ်လိုက် ရင် ရေတွေစုဝင်သလိုပဲ ရှိသမျှ စုပ်ပစ်လိုက်တာလေ။ လူတွေအဲ့ဒါကြောင့်မို့ သေကုန်တာ။ တချို့ဆို အိမ်သာထဲဝင် နေရင်းတန်းလန်းနဲ့ပေါ့။နောက်ပိုင်းသင်္ဘောစီးဖို့ ကြောက်တာ တွေ၊ဘာတွေမရှိပါဘူး။ ကိုယ်တွေက ဒလမှာနေတာကိုး။ အဲ့ဒီတုန်းက ညောင်ကုန်းရပ် ကွက်မှာပဲနေတာပါ''

ကျွန်တော့်နာမည် ဦးတင်နီ(ကမာအောင်စက်တပ်ရေယာဉ် ကြီးကြပ်ရေး အဖွဲ့)

ကျွန်တော်မြင်ခဲ့တဲ့ ကိုယ်တွေ့ အဖြစ်အပျက်တစ်ခုပါ။ အဲဒီတုန်းက ဆိုရင်တော့ ခုလိုမျိုး ကယ်ဆယ်ရေးတွေဘာတွေမရှိသေးဘူး။ ကျွန်တော်က(၁၇)နှစ် သား လောက်ပဲရှိတယ်။ ခုကျွန်တော့်အသက်က(၅၉)နှစ်ရှိပြီ။ ကျွန်တော်က မိဘတွေကူညီရင်းနဲ့ လက်တတ်ယာဉ် တစ်ယောက်တစ်မတ်နဲ့ ခတ်ရတဲ့အချိန်မှာ ဒီသင်္ဘောဆိပ်သွားတဲ့ ပန်းဆိုးတန်းဆိပ်ကမ်း နဲ့ နန်းသီတာကြားမှာ ကျွန်တော့်လက်ခတ်သမ္ဗာန်တွေရှိတယ်။ အဲဒီ့လက်ခတ် သမ္ဗာန် ဆိပ်ကနေ တစ်ယောက်တစ်မတ်နဲ့ ခတ်စားရတဲ့အချိန်ကျတော့ ညနေအချိန်က ကျွန်တော်သိရသ လောက်ဆိုရင် ညနေ(၃)နာရီကျော် အဲဒီလောက်မှာရှိတယ်။ ကျွန်တော်တို့ ရေအနေအထားက တက်ရေဖြစ်နေ တယ်။ ကျွန်တော်တို့က လူခေါ်တဲ့ အချိန်မှာအဲဒီတုန်းကလက်ခတ်သမ္ဗာန် တွေကအလှည့်ကျစနစ်နဲ့သွားတာ မဟုတ်ဘူး။ ကိုယ့်မိတ်နဲ့ကိုယ်သွားတဲ့ အချိန်ကျတော့ ကျွန်တော်ကလူမရ ဘူး။ လူကောင်ကလည်းငယ်တဲ့အခါ ကျတော့ နားသလို ဖြစ်နေတာပေါ့။ အဲဒီ့အချိန်မှာ ဥသြသံကြားတယ်။ အဲဒီ့မာရူးဆိုတဲ့ သင်္ဘောကအရှေ့ အ ရပ်ကိုခေါင်းတည်ထားတယ်။ သူဆိုက် တာက(၇၁)လို့ခေါ်တဲ့ဆူးလေဂျက်တီ ရဲ့ နံပါတ်(၇)မှာ သင်္ဘောစထွက်ပြီဆို ကျောက်ချထားတဲ့အတွက် အားယူပြီး တော့ထွက်ရတယ်။ သင်္ဘောအခေါ် အရ သူ့ရဲ့ချိန်းပေါ်ပြီဆိုတာနဲ့ပေါ့။ ခေါင်းလောင်းတီးပြီး ကပ္ပတိန်က အ ပြည့်တွန်းတာပဲ။ Slow Down နဲ့ ထွက်လာတယ်။ အဲဒီ့အချိန်မှာ တိုး အေးနှစ်ထပ်မှာ သင်္ဘောကလည်း သူ့နာရီပြည့်လို့စပြီးတော့ခွာတဲ့အချိန် ဖြေးဖြေးမှေးဆွဲနေတဲ့အချိန် အသံတွေကြား ပြီးတော့ကြည့်လိုက်တော့ သင်္ဘောနဲ့ တိုးအေး က တည့်တည့်ကြီးဖြစ်ပြီးတော့ ရေအောက်ကို ဝင်မသွားဘဲနဲ့ ဘေးကိုခွဲထွက်ပြီးတော့ သင်္ဘောက ဇောက်ထိုးကြီးဖြစ်သွားတယ်။ လေပန်ကာက တဝုန်းဝုန်းနဲ့လည်တဲ့အခါ ဟာ ..ဟိုမှာ သင်္ဘောနစ်ပြီဆိုပြီး သမ္ဗာန်နဲ့လူခေါ်လို့မရတော့ အတင်းထွက်လိုက်တဲ့အခါမှာ မာရူးပေါ်က ဘာပစ်ချလိုက်လည်း ဆိုတော့ သစ်တိုသစ်စတွေပစ်ချလိုက်တာထိမိတဲ့လူ လည်းထိမိတယ်။ အဲဒီမှာရေထဲကျတော့ အဲဒါ တွေတွယ်တဲ့လူကတွယ်၊ ကျွန်တော်တို့လည်း လူတွေလိုက်ဆယ်တဲ့အခါကျတော့ ကျွန်တော့် အဖေကတစ်စီး၊ ကျွန်တော်ကတစ်စီးဆိုတော့ ခုချိန်ထိ တိုးအေးက စလင်ထိုင်ပြီးတော့ ထိုင် တဲ့ခုံကကျွန်တော့်အိမ်မှာအခုချိန်ထိရှိတုန်း။ ကျွန်တော်လည်းသိမ်းထားရင်းကနေ ခုအချိန် ထိအမှတ်တရကတိုးအေးခုံပဲပေါ့။ အဖေက မိန်းမကြီးတစ်ယောက်ကိုဆယ်မိလိုက်တဲ့အ တွက်အဲဒီ့အချိန်ကတော့ ကန်တော့ပွဲတစ်ပွဲနဲ့ လုံချည်ကတော့နှစ်ကျပ်ခွဲတန်လုံချည်ကတော့ တော်တော်တန်ဖိုးရှိတယ်။ ကျွန်တော့်အဖေက ဆုံးသွားပြီ။ ကျွန်တော်ကတော့(၃)ယောက် လောက်ဆယ်ရတယ်။ သမ္ဗာန်လေးက သေး သေးလေးကိုး လူတစ်ယောက်လောက် တက်လိုက်ရင် တော်တော်စောင်းသွားပြီ။ ခုလို သမ¬္ဗာန်အကြီးတွေမဟုတ်ဘူး။ (၃)ယောက်ကယ်၊ ကယ်ပြီးတာနဲ့ သင်္ဘောဆိပ်ကို သွားပြီးတော့ တင်ပေးလိုက်တယ်။ အဲဒီမှာ ပွက်လောရိုက်ပြီး ဆူညံနေတာပေါ့။ နောက်နေ့ တွေကျတော့မှ သူတို့ဒီဧရာဝတီအဖွဲ့တို့၊ ကြက်ခြေနီတို့၊ မီးသတ်တို့၊ ကယ်ဆယ်ရေး လိုက်ရှာကြတယ်။ ရှာလည်းရှာပြီးရော ကျွန်တော်တို့ ဒီဧရာဝတီ သင်္ဘောကျင်းကြီးရဲ့ ရပ်ကွက်အောင်မင်္ဂလာရပ်ကွက်မှာ ညဘက်ဆိုရင် သရဲခြောက်တာတွေ ကြားမိတယ်ပေါ့။ ကျွန်တော်တို့တော့ အခြောက်တော့မခံရဘူးပေါ့။ အဲလိုတွေဖြစ်သွားတယ်။ အဲဒီလိုအချိန်မှာ ရေထဲကို လှမ်းကြည့်လိုက်ရင် ဖွဲအုပ်ကျဲလိုက်သလို လူတွေက ခေါင်းတွေပေါ်ပြီးတော့ လူတွေကကယ်ပါယူပါတစာစာနဲ့ပဲ၊ ဘယ်လောက်သေသွားလဲဆိုတာ ကျွန်တော်တို့ မသိ လိုက်ဘူး။ သင်္ဘောကအဲဒီအချိန်မှာ ပက်လက်ဖြစ်ပြီးတော့ နောက်ပိုင်းကကျတော့ အဲဒီ့ပန်ကာပိုင်းကပဲ စပြီးတော့ မြုပ်တာပဲ။ ဘာလို့ ပန်ကာပိုင်းက စမြုပ်နိုင်လဲဆိုတော့ သူကစက်ထိုင်တာ နောက်ဘက် နည်းနည်းကျတော့ သူ့ဝိတ်နဲ့ဆွဲပြီးတော့ ကျသွားတယ်။ အဲလို အခင်းဖြစ်သွားခဲ့တာပေါ့။ ကျွန်တော်တို့က အဲဒီတုန်းက အဖွဲ့အစည်းက မတည်ထောင်သေးဘူး။ အဲဒီတုန်းက ကျွန်တော်တို့ဆီမှာရှိတာက လက်ရုံးရေယာဉ်ခေတ်ဆိုတဲ့ ကျွန်တော်တို့ စက်တပ်ရေယာဉ်လေး နှစ်ချောင်းတံဆိပ်နဲ့ သမ္ဗာန်လေးအုပ်ချုပ်တဲ့ လူကလည်း အဖွဲ့အစည်း ကြီးကြီးမားမား မရှိဘူး။ ကျွန်တော်တို့မှာ အစီး(၂ဝ)လောက်ပဲရှိတယ်။ ကျွန်တော်က ဘဝထဲက (၉)တန်းပညာကို အတန်းပညာ ဆက်မသင်နိုင်တာနဲ့ ကျောင်း ထွက်လိုက်တယ်။ ညီအစ်ကို(၇)ယောက် မိဘ(၂)ပါးနဲ့(၉)ယောက်။ အဲဒီတုန်းက ပိုက်ဆံ (၃)ကျပ်ရှိရင် မိသားစု ထမင်းစားလို့ရပြီ။ လူတစ်ယောက် တစ်မတ်နဲ့ ဒီဘက်ကမ်းကို ခေါ်ပြီးတော့ ထွက်လာရင် (၅)မတ်ရတယ်။ နောက်တစ်ခေါက် သွားပြီးတော့ပြန်သွားရင် နှစ်ကျပ်ခွဲရတယ်။ နောက်ထပ်တစ်ခါက်သွားခတ်ရင် (၄)ကျပ် မတ်တင်းလောက်ရတယ်။ အဲဒီအချိန် မှာ အိမ်ကို (၃)ကျပ်ပေးလို့ရတယ်။ ဆန်တစ်ပြည် ပြား(၆ဝ)။ ဘဲဥတစ်လုံးက (၁ဝ) ပြား ဘဲဥ(၁)ကျပ်ဖိုးဝယ်ရင် (၁၁)လုံး ရတယ်။ ကုလားက (၁)လုံးပိုပေးတယ်။ ကျွန်တော်က ဒီသမ္ဗန်သမားဘဝကနေပြီး ကြီးပြင်းလာရတဲ့လူဆိုတော့ ခုချိန်ထိ ဒီသမ္ဗန်က ကျွန်တော့်ရဲ့ကိုယ်ပိုင်သမ္ဗန် အဖြစ်ရှိပြီးတော့ ဒါလေးနဲ့ ကျွန်တော် ငှားရမ်းစားတယ်။ ကျွန် တော်တို့မိသားစုက (၃) ယောက်ရှိတယ်။ မြို့မ(၁) ရပ်ကွက်၊ အိမ်အမှတ်(၃၈)၊ မြို့ပတ်လမ်း၊ ဒလမြို့နယ်မှာ ခုလက်ရှိနေတာပါ။

ဦးရွှေသင်း အသက်(၆၅)နှစ်

တိုးအေးသင်္ဘော နစ်မြုပ်တုန်းက ကျွန်တော်က ကုန်သွယ်လယ်ယာမှာ အလုပ် လုပ်ကိုင်နေပါတယ်။ အဲဒီတုန်းက ကျွန်တော့် အသက်က (၃ဝ)ကျော်လောက်ပါ။ အဲဒီ့နေ့က အလုပ်ကနေ ဆင်းလာပြီးတော့ သမ္ဗာန်နဲ့ မပြန်ဘဲဇက် သင်္ဘောစီး ဖြစ်ပါတယ်။ ကျွန်တော်က တိုးအေးသင်္ဘော အပေါ်ထပ်အလယ်မှာ စီးပါတယ်။ ဘုံဘေ မာရူးကလည်း ဆူးလေ(၁)ကမ်းကနေ ထွက်လာတယ်။ ကျွန်တော်တို့ စီးလာတဲ့ သင်္ဘောကလည်း စက်ပျက်ပြီးတော့ မျောနေရာက တိုက်မိတာပါ။ ကျွန်တော်တို့ကို ကယ်ဆယ်ရေးတွေ လာပြီး ကယ်ဆယ်တာ မဟုတ်ပါဘူး။ ဒလက သမ္ဗန်တွေက ကယ်ပေးတာပါ။ လူတွေရုံးရုံးနဲ့ဖြစ်တော့ ကျွန်တော်လည်း သင်္ဘော တစ်ခုခုဖြစ်နေပြီဆိုတာ သိပါတယ်။ ကျွန်တော်တို့သင်္ဘော တိုက်မိနေတာကို ကြည့်လိုက်တော့ ကျွန်တော်က သင်္ဘောထိပ်မှာ ရောက်နေတယ်။ ကျွန်တော်လည်း ဘေးကတန်းကို ကိုင်ထားတယ်။ ကျွန်တော်လုံးဝ လက်မလွှတ်တော့ဘဲ ကိုင်ထားမိတယ်။ ကျွန်တော်က သင်္ဘောနစ်တဲ့ဘက်ကို ရောက်နေတာ။ ကျွန်တော် ရေထဲရောက်သွားတော့ ကျွန်တော်လည်း ဘာမှန်းမသိတော့ဘူး။ ဘယ်လောက်ထိ ရောက်သွားလည်းတော့ ကျွန်တော်လည်း မသိတော့ဘူး။ ကျွန်တော်ကြည့်ု လိုက်တော့သင်္ဘောရဲ့ နောက်ကျောဘက်ကို ရောက်နေတယ်ဆိုတာပဲ သိတယ်။ ကျွန်တော် လည်းကယောင်ကတမ်းနဲ့ သင်္ဘောကိုကုတ်တယ်။ သင်္ဘောမှာကကိုင်စရာမှမရှိတာ။ ကျွန် တော်လည်းထပ်မြုပ်သွားတယ်။ ရေကတော့ ကူးတတ်တယ်ဆိုရုံပါ။ အရမ်းကြီးတော့ မဟုတ်ပါဘူး။ ရေအောက်ထဲရောက်သွားတယ်။ ဘယ်လောက်ထိ ရောက်သွားတယ် ဆိုတာ တော့ ကျွန်တော်မသိပါဘူး။ ရေတွေကမွန်းနေတယ်။ နောက်တစ်ခါထပ်ပေါ်တော့ ကျွန်တော့်ရှေ့မှာ သမ္ဗာန်တစ်စီး ရောက်နေတယ်ဆိုတာ သိတော့ ကျွန်တော်လည်း သမ္ဗန်ဦးကို မလွှတ်တမ်း ကိုင်ထားမိတယ်။ အဲဒီ့တုန်းက သမ္ဗန်တွေက လက်ခတ်သမ္ဗန်တွေပါ။ အဲဒါနဲ့ သမ္ဗန်သမားက ပြောပါတယ်။ ညီလေးတက်တဲ့ ကျွန်တော်လည်း သမ္ဗန်ပေါ်ကို မတက်နိုင်ဘူး။ မောနေတယ်။ အသက်ကလည်း ရှုလို့ကောင်းကောင်းမရဘူး။ ဘေးက သမ္ဗန်က ထင်ပါတယ်။ ကျွန်တော့်ကို သမ္ဗာန်ပေါ်ကို တင်ပေးပါတယ်။ ကျွန်တော်လည်း မေ့သွားတာ ကုန်းပေါ်ဘယ်အချိန် ပြန်ရောက်မှန်းတောင်မသိပါဘူး။ ကျွန်တော့်ကို ကယ်ခဲ့တဲ့သူကိုလည်း မမှတ်မိပါဘူး။ အဲဒီတုန်းကလည်း ကယ်နေတဲ့သမ္ဗန်တွေ အများကြီးဆိုတော့ မမှတ်မိလိုက်ပါဘူး။ အဲ့ဒီတုန်းက ဒဏ်ရာတွေ ဘာတွေရခြင်းတော့ မရှိပါဘူး။ အဲ့ဒီတုန်းက ကျွန်တော်တို့ သိတာကတော့ သင်္ဘောပျက်တယ်လို့ပဲ သိတယ်။ အခုတော့ သင်္ဘော မစီးတော့ပါဘူး။ ကြောက်တယ်လို့တော့ မဟုတ်ပါဘူး။ အခုနေတဲ့ နေရာနဲ့ ဒီဘက်မှာက သမ္ဗန်ဆိပ်နဲ့ ကနီးတော့ သမ္ဗန်ပဲစီးဖြစ်တာပါ။ အိမ်အမှတ် ၃၂၄(ခ) ဆင်ဖြူရှင်လမ်း၊ တပင်ရွှေထီးလမ်းပါ။ အခုလက်ရှိကတော့ အဝတ်အထည်ဆိုင် ဖွင့်ထားပါတယ်။

ဦးရွှေခိုင်(ကနောင်လမ်းမကြီး၊ညောင်ကုန်းရပ်ကွက်၊ဒလ)

တိုးအေးသင်္ဘောက အဘ သိသလောက် ပြောရမယ်ဆိုရင်၊ (၁၉၇၃)ခု၊ ဖေဖော်ဝါရီ (၂၃)ရက်၊ ညနေ (၄)နာရီလောက်ပေါ့။ အဘက ဆိပ်ကမ်း အာဏာပိုင်မှာ လုပ်တယ်။ အဲဒီ့တုန်းက သန်းခေါင်စာရင်းတွေ ကောက်ဖို့ ဆိုတာ နောက်ထပ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီအစိုးရ တက်မယ်ဆို တော့အဲဒီတုန်းက အခြေခံဥပဒေတတ်ထားရတယ်။အခြေခံ ဥပဒေအသစ် ရေးဆွဲဖို့ ဆိုတော့လေ။ ဆိုရှယ်လစ် သန်းခေါင်စာရင်း ရေးဆွဲဖို့ သန်းခေါင်စာရင်း ကောက်ဖို့ အဘအဖွဲ့တစ်ဖွဲ့မှာ ခေါင်းဆောင်ပါတယ်။

အဲဒီတုန်းက ခရေလမ်းမှာ နလကမြို့နယ် လုံခြုံရေးနဲ့ အုပ်ချုပ်မှုကော်မတီဆိုတာက အဲဒီမှာ သွားတက်ရတယ်။ သွားတက်တော့ ညနေ (၃)နာရီ သွားတယ်။ သွားတော့ အဲဒီ့ အတွင်းရေးမှူးက အလုပ်များနေလို့ ဆိုပြီး (၃)နာရီထိုးပြီး (၁၅)မိနစ်လောက်မှာ သူရောက်လာတယ်။ အဲဒီ့နေ့က ဖွင့်ပွဲနေ့ (၃)နာရီခွဲလောက် ပြန်လွှတ်လိုက်ပြီးတော့။ ဒီသန်းခေါင်စာရင်း ကောက်တော့လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပေးလိုက်တယ်၊ အဲဒီ့တုန်းက နံပါတ် ၁ဝ ကားစီးပြီး ကမ်းနားဆိပ်ရောက်တယ်။ ကမ်းနားဆိပ်ရောက်တော့ (၄)နာရီထွက်မယ့် သင်္ဘောက နောက်ကျတယ်။သင်္ဘောက ဘာလို့နောက်ကျလဲ ဆိုတော့ မြစ်ဝကျွန်းပေါ် ဘက်ကနေ ဇာတ်သေတ္တာတွေ အဲဒီ့ဇာတ်သေတ္တာတွေကို ဆိပ်ကမ်းချနေတာနဲ့ နောက်ကျနေတာ။ အဘက သင်္ဘောပေါ်ရောက်ပြီးတော့ သင်္ဘောအပေါ်ထပ် ဘယ်ဘက်အခေါင်းတိုင် ဘေးနားမှာ ပါလာတဲ့ စာရွက်စာတမ်းတွေ ဖတ်တယ်။ သင်္ဘောထွက်ပြီး တအောင့်လောက်နေတော့ တဝုန်းဝုန်းနဲ့ အသံတွေကြားတယ်။ ဘာဖြစ်မှန်းမသိဘူး။ သင်္ဘော ညာဘက်ဘေးက တာလပတ်ချထားတယ်။ သင်္ဘောက ရန်ကုန်ကနေ ဒလဘက်လာတာ။ သင်္ဘောရှေ့မှာ ရှိတဲ့လူတွေ အများကြီးက အနောက်ဘက်ကို အတင်းပြေးကြတယ်။ ဘာလို့ပြေးလဲဆို မော့ကြည့်တော့မှ ပင်လယ်ကူးသင်္ဘောကြီး မြင်နေရတယ်။ အဲ့ဒီသင်္ဘောကြီးနဲ့ ပေတစ်ရာလောက် ရှိတော့တယ်။ သူက အနောက်ဘက်က လာတယ်။ တိုးအေးသင်္ဘောကြီးက တောင်ဘက်ကိုဖြတ်တယ်။ ရေက အရှေ့ဘက်ကစီးတယ်။ သင်္ဘောနှစ်စီး ရှေ့ကတိုက်မယ် ဆိုတော့ လူတွေက နောက်ကိုပြေးကြတယ်။ အဘလည်း ပြေးတာပေါ့။ ပြေးတော့တိုးအေး သင်္ဘော ကုလားထိုင်က သင်္ဘောကြမ်းပြင်နဲ့ တွဲထား တဲ့ခုံတွေ၊ အဘကခုံတွေကြားက ပြေးတော့ နောက်ရောက်သွားတယ်။ အဲဒါနဲ့ ဝရံတာကိုင် ပြီးတော စဉ်းစားနေတာ၊ အဘရှေ့ကတစ်ယောက်က ခုန်ချသွားတယ်။ သူဘာလို့ ခုန်ချသွားလဲမသိဘူးလို့ ဆိုပြီးတော့ အခြေအနေ စောင့်ကြည့်နေပြီးတော့ သင်္ဘောကတိုင်ကြီး တွေရှိတယ်။ တိုင်ကြီးတွေ ကိုင်ပြီးတော့ သင်္ဘောက ဝုန်းဝုန်းဆို စောင်းသွားတယ်။စောင်းတော့ ပြန်များတည့်ဦးမလား ဆိုပြီးတော့ မတည့်ဘူး။ မတည့်တာနဲ့ပဲ ရေထဲခုန်ချလိုက်တယ်။ ခုန်ချတော့ သင်္ဘောက ပိုစောင်းနေပြီ။ နောက်ပိုင်း သင်္ဘောကိုတော့ အဘမသိတော့ဘူး။ ပင်လယ်ကူးသင်္ဘောပေါ်က ဘာတွေချလဲဆိုတော့ သစ်သားတွေ၊ သစ်တို သစ်စတွေ၊ ခုံတွေချတယ်။ အဲလိုချတော့ အနားမှာ ဘောတစ်လုံးလာကျတယ်။ တိုက်ဗွိုင်ပေါ့။ အဲဒါကို နှစ်ယောက်သုံးယောက် လုတော့ အဘမလုတော့ဘူး။ အဲဒါသူတို့ နှစ်ယောက်လုပေါ့။ အရှေ့မှာ ကုလားထိုင်လေး တစ်လုံးတွေတော့ ခုံမှာ ဆိုဖာလေးတစ်လုံး တွေ့တယ်။ နည်းနည်းရေပေါ်မျောနေတော့ အဲဒါသွားပြီး တွယ်လိုက်တယ်။ သင်္ဘောကြီးကို ကြည့်လိုက်တော့ ဦးဘက်ကထောင်ပြီး၊ အနောက်ပိုင်းက နစ်နေပြီ။ အဲဒါ မြင်ရတယ်။ အဘရေကူးနေတော့ သင်္ဘောမနစ်သေးဘူး။ နောက်မှကြည့်ရင်း ကြည့်ရင်းနစ်သွား တာ။ သင်္ဘောက ခါတိုင်းထက် (၁၅)မိနစ် လောက်နောက်ကျတယ်။ဇာတ်သေတ္တာတွေ ချနေတော့။ ရေကတက်နေတယ်။ ဖေဖော် ဝါရီလဆိုတော့ရေထ,ရက်၊ ရေထပ်ရက်ဆို တော့ ရေကအရမ်း စီးတဲ့အချိန်မှာဖြစ်တာ။ အဘထိမိခိုက်မိမရှိဘူး။ အဘက ရေကူး တတ်တော့ အောက်ရောက်သွားပြီးပြီ။ ရေထဲမှာဒလဘက်ကိုကူးဖို့ကြည့်တာအဝေး ကြီးမကူးနိုင်ဘူး။ ဟိုဘက်ကမ်းကူးရင် ရောက်မှမဟုတ်ဘူး။ နေပါစေလို့။ (၄)နာရီ ဆိုတော့ လက်ခတ်သဗ္ဗာန်တွေရှိတယ်။ အံ့ကြီးသင်္ဘောကျင်းက မော်တော်ဘုတ်က လေးတွေကလာဆယ်တယ်။ ဆယ်သွား တော့ကမ်းနားရောက်တယ်။ လာဆယ်တဲ့ မော်တော်ကသိပ်မကြာဘူး၊ အများဆုံး ကြာနာရီဝက်ပဲ။ ကုန်းပေါ်ကလူတွေက ပြောတာသင်္ဘောကြီးကစောင်း နေတော့ ဘဲတွေရေကူးတာကျနေတာပဲတဲ့။ပင်လယ် ကူး သင်္ဘောကြီးက ကျောက်ချလိုက်ပြီ။အဘအဲဒီ့အချိန်တုန်းကအသက် ၃၆နှစ်။ ဂျပန်သင်္ဘောဖက်က နစ်နာကြေး လာပေးတာအိမ် တွေ လိုက်ပေးတယ်လို့ ကြားတယ်။ အဲဒီ့တုန်းက ကယ်ဆယ်ရေးဝန်ကြီးက သေတဲ့အိမ်တွေလိုက်ပြီးတော့ နစ်နာကြေးပိုက်ဆံ လိုက်ပေးတယ်။ အဘက အဲဒီ့တုန်းက ဒလဘက်အောင်မင်္ဂလာမှာနေတာ။ နေတော့ အံ့ကြီး သင်္ဘောကျင်း ကနေ သင်္ဘောလေးတွေချပေးတယ်။ ကယ်ဆယ်ရေးက အဲဒီ့တုန်းက အကုန်ဆယ်တာ ပေါ့လေ။ အဘလည်းအိမ်ရောက်သွားတော့ သူတို့လည်းမသိဘူး။ အိမ်က လူတွေက အဲဒီ့တုန်းကသင်္ဘောစီးတဲ့ Ticket ရှိတယ်။ အဘတို့က လသုံးလက်မှတ် ယူထားတာ။ အဲဒါလေးက အိတ်ထဲမှာထည့်ထားတာ။ အဲဒါလေးက မျောသွားတယ်။ အဘက ရလက အုပ်ချုပ်ရေးသမား ဆိုတော့ အဲဒီ့တုန်းက အောင်မင်္ဂလာမီးသတ်တွေက အကုန် ပြေးတာပေါ့။ ပြေးတော့ အဲဒီ့ကတ်ကလေး ရသွားတယ်။ ရသွားတော့ အောင်မင်္ဂလာက လူတွေက အဲဒီ့ကတ်ကလေးသိမ်းထားတယ်။ အဘဇနီးက အလက ဆရာမ၊ သူ့ကိုလာပြ တယ်။ ဆရာမ ဒီလိုဒီလိုပေါ့ဆိုပြီး၊ သူတို့က ဒီဘက်ကနေပြတုန်း အဘက ဒီဘက်ကနေ ပြန်ရောက်လာတယ်။ အဘပိုင်ပစ္စည်းက ဖိနပ်ပဲကျန်ခဲ့တာ။ စာရွက်စာတမ်းတွေလည်း အဘက မလွှတ်ဘူး ။ရေစိုကုန်တော့ ဖတ်လို့တော့မရဘူးပေါ့။ နောက်မှ ပြန်တောင်းရတယ်။ အိတ်ထဲမှာ ထည့်ထားတဲ့ ပိုက်ဆံ ၂ဝ၊၂၅ကျပ်တော့ ပါသွားတာပေါ့။ အဲဒီ့တုန်းက ၂ဝ၊ ၂၅ကျပ်က နည်းတာမဟုတ်ဘူး။ ဟိုတုန်းက ဒီလောက် မဖွံ့ဖြိုးသေးဘူး။ သွားရတာ၊ လာရတာ အကုန်ကုန်းကြောင်းပဲ။ တွံတေးလမ်းကြီးလည်း မရှိသေးဘူး။ ခုလည်းဒလက သင်္ကြန်ဘုရားကြီးရဲ့ ဂေါပကလုပ်တယ်။ ဘုရား၊တရား၊ သံဃာ ရတနာ(၃)ပါးရဲ့ ဂုဏ်ကျေးဇူးကြောင့်လည်း အသက်ဘေးက လွတ်လာတာပေါ့။ ခုအဘမိသားစု ဆိုလို့ အဘရယ်၊ အဘမိန်းမရယ်၊ နောက် တူလေးတစ်ယောက် ရှိတယ်၊၊ အဘက ပျော်ဘွယ်ကြီးသား ဆိုတော့ တောသားရေကူးတတ်တယ်''

(တကယ်တော့ အဖြစ်အပျက်ဟာ (၅)မိနစ်တောင် မကြာခဲ့ဘူး။အဲဒီ(၅) မိနစ် ထဲမှာပဲ လူတစ်ရာနီးပါး အသက်ပေးသွားကြတယ်။ အဲဒီ အဖြစ်အပျက်ဟာ အိပ်မက် မဟုတ်ဘူး။ တိုးအေးခရီးသည်တွေ အသက်ပေးပြီး သင်ခန်းစာယူကြဖို့ ရန်ကုန်မြစ်ထဲကနေ ညထဲကနေ ည,ညထ,ထ အော်နေခဲ့တာတွေကို လူတွေ ဂရုမထားခဲ့ကြဘူးလား။ ဒီအဖြစ်အပျက်ဟာ နှစ်(၄ဝ)ပြည့်တော့မယ်။ ဒါပေမဲ့ တချို့ ပေါ့ဆ နေကြတုန်းပဲ။ တချို့ သတိလက်လွတ် ဖြစ်နေကြတုန်းပဲ။ တိုးအေးပေးတဲ့ သင်ခန်းစာကို ယူရကောင်းမှန်းလည်း မသိကြဘူး။ တိုးအေးခေါ်သံဟာ အသေအချာ နားစွင့်ကြည့်ရင် ညံစီနေတုန်းပဲ ဆိုတာ ခင်ဗျားတို့ကြားရလိမ့်မယ်။)

ချစ်စံဝင်း၊ မြတ်ခိုင်၊ အောင်မင်း(ဒလ)၊ ကျော့ကျော့၊ ချိုချဉ်၊ ပို့ပို့၊ ညီညီ၊ သန်းကိုကို၊ ဇော်မင်းနိုင်
ကိုးကား- နိုင်ငံပိုင်သတင်းစာများနှင့် မျက်မြင်ကိုယ်တွေ့ကြုံသူများ